လက်နက်အစစ် အသုံးပြုသော စစ်ရေးလေ့ကျင့်မှုကို ကင်ဂျုံအွန် ကြီးကြပ်

Sunday, March 17, 2013

တောင်ကိုရီးယားနှင့် အငြင်းပွားရေပိုင်နက် အနီးတွင် ပြုလုပ်ခဲ့သော လက်နက်အစစ် အသုံးပြုသည့် စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယား
ခေါင်းဆောင် ကင်ဂျုံအွန်ကိုယ်တိုင် ကြီးကြပ်ခဲ့သည်ဟု
မြောက်ကိုရီးယားနိုင်ငံပိုင် ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က မတ် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။ ခေတ်သစ်စစ်ပွဲသည် အမြောက်များဖြင့် တိုက်ခိုက်ရသော စစ်ပွဲဖြစ်သည်ဟု ကင်ဂျုံအွန်က ပြောကြားခဲ့ကြောင်း KCNA က ကိုးကားဖော်ပြခဲ့သည်။

ယင်းနေ့တွင်ပင် တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟောင်ဝန်းသည် အငြင်းပွားရေပိုင်နက် အနီးရှိ ယုံပြောင်ကျွန်းသို့ သွားရောက်ခဲ့ပြီး
မြောက်ကိုရီးယား၏ မည်သည့်ကျူးကျော် ရန်စမှုအတွက်မဆို
ပြင်ဆင်ထားရန် စစ်သားများအား တိုက်တွန်းပြောကြားခဲ့သည်။

ယုံပြောင်ကျွန်းကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာတွင် မြောက်ကိုရီးယားတို့က အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် တောင်ကိုရီးယား အရပ်သားနှစ်ဦး အပါအ၀င် စုစုပေါင်းလေးဦး သေဆုံးခဲ့ရသော နေရာလည်းဖြစ်သည်။ ယုံပြောင်ကျွန်းသည် အနာဂတ်တွင် မြောက်ကိုရီးယား၏ စစ်ရေး ပစ်မှတ်အဖြစ် ဖြစ်လာနိုင်ခြေ ရှိကြောင်းလည်း ရှုမြင်ခံထားရသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် မိမိတို့၏ အစိုးရ၀က်ဘ်ဆိုက် များအား ပြီးခဲ့သည့်ရက်များအတွင်း အင်အားကြီးမားစွာဖြင့် ဆက်တိုက် ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း မြောက်ကိုရီးယားက မတ် ၁၅ ရက်တွင် စွပ်စွဲပြောကြားခဲ့သည်။

ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA)၊ ရိုဒေါင်ရှင်မွန် နေ့စဉ်
သတင်းစာ၊ အဲကော်ရိုလေကြောင်းလိုင်းနှင့် မြောက်ကိုရီးယားအစိုးရ ၀က်ဘ်ဆိုက်အချို့သည် မတ် ၁၃ ရက်နေ့ အစောပိုင်းမှစပြီး ၀င်ရောက်အသုံးပြု၍ မရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - ကင်ဂျုံအွန်က အမြောက်တပ်ကို စစ်ဆေးနေမှုအား
မတ် ၁၂ ရက်နေ့တွင် ထုတ်ပြန်ပေးခဲ့ပုံ

Eleven Media Group

Ref:AFP
Eleven Media Group

SHARE THIS
Previous Post
Next Post