ပုဒ်မ ၁၈၈ကြောင့် ညပိုင်းတက္ကစီမောင်းနှင်သူများ အခက်တွေ့

Tuesday, March 26, 2013

ရန်ကုန်မြို့ တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်ပြီး ည ၉နာရီမှ မနက်
၅နာရီအထိ ဆိုင်ခန်းများ မဖွင့်ရ ဟု ကြေညာချက် ထုတ်ပြန်
လိုက်သဖြင့် ညပိုင်းတက္ကစီ မောင်းနှင်သူများ အခက်တွေ့
လျက်ရှိကြောင်း သိရသည်။
“မနေ့ညက ပုဒ်မ၁၈၈ ထုတ်လိုက်ပြီး ည ၉နာရီကနေ မနက်
၅နာရီအထိ ဆိုင်တွေမဖွင့်ဖို့ အမိန့်ထုတ်လိုက်တော့ လမ်းပေါ်မှာ လူသွားလူလာ နည်းသွားတယ်။ ကျွန်တော်တို့က ညပိုင်းမောင်း
တာဆိုတော့ ညနေ ၆နာရီလောက်ကမှ စမောင်းရတာ။ အခု
တက္ကစီတွေ များလာလို့ အရင်တည်းက မောင်းရတာ အဆင်
မပြေတာ အခု အမိန့်ထုတ်လိုက်တော့ လူတွေက သိပ်မထွက်
တော့ဘူး” ဟု ညပိုင်း တက္ကစီမောင်းသူ ဦးကျော်မောင်က
ပြောကြားသည်။
မိတ္ထီလာမြို့ တွင် ပဋိပက္ခများဖြစ်ပွားပြီးနောက် ရန်ကုန်မြို့ တွင်
လူမျိုးရေး ဘာသာရေးနှင့် သတ်ဆိုင်သော ကောလဟာလများ
စွာ ထွက်ပေါ်ခဲ့သဖြင့် ပဋိပက္ခများ မဖြစ်ပွားစေရန် ထိန်းသိမ်း
သည့် အနေဖြင့် မတ်လ ၂၅ရက်နေ့တွင် ရန်ကုန်မြို့တွင် ပုဒ်မ
၁၈၈ ထုတ်ပြန်ခဲ့သည်။
“အရင်ဆို ညပိုင်း လက်ဘက်ရည်ဆိုင်တို့ ထမင်းဆိုင်တို့ ဖွင့်
တာတွေရှိတယ်။ မနေ့ညကတော့ ဆိုင်တွေက ၉နာရီမထိုးခင်
ကတည်းက ပိတ်တဲ့သူတွေကလည်း ပိတ်ကျတယ်။ ညပိုင်း
အရင်ဆို လူငယ်နဲ့ လူလတ်ပိုင်းတွေ ထွက်ကျတာရှိပေမယ့်
မနေ့ညကတော့ လမ်းပေါ်မှာ လူတော်တော်နည်းတယ် ပုဒ်မ
၁၄၄ ထုတ်တာမဟုတ်ပေမယ့် လူတွေက ကောလဟာလတွေ
ကြားပြီး အပြင် သိပ်မထွက်ကြတော့ဘူး” ဟု ညပိုင်း တက္ကစီ
မောင်းသူ ဦးကျော်မောင်က ထည့်သွင်းပြောကြားသည်။
မိတ္ထီလာတွင် ပဋိပက္ခများ စတင်ဖြစ်ပေါ်သည့် ရက်ပိုင်းမှ စတင်ပြီး ရန်ကုန်မြို့တွင် ညပိုင်းမောင်းနှင်သော တက္ကစီများနှင့် ကိုယ်ပိုင်
ကားများကို စစ်ဆေးသည့် နေရာများလည်းတိုးကာ လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်မှုများကို တွေ့ရကြောင်းကို “ စပလိုင်းချက်တွေ
နေရာ အသစ်တွေမှာ စစ်တာတွေ့ရတယ်။ အရင်ရှိနေကြ နေရာ
တွေအပြင် တခြားမြို့နယ် တော်တော် များများမှာလည်း စစ်ဆေး
ရေး အဖွဲ့တွေ တိုးပြီးချထားတယ်။ လိုင်စင်တွေ ၀ှီးတက်တွေ မမေ့
အောင် သတိထားပြီး ယူနေရတယ်” ဟု အင်းစိန်မြို့နယ်တွင် နေ
ထိုင်သော တက္ကစီမောင်းနှင်သူ ကို ဇော်မိုးက ပြောကြားသည်။
ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သဖြင့် ညပိုင်း အပြင်ထွက်သူများ
လျော့ကျ သွားကြောင်း၊ ညပိုင်းတက္ကစီမောင်းသူများမှာ ညနေ
၆ နာရီခန့်မှစတင်ပြီးမောင်းရပြီး ၉နာရီကျော်ပါက လူများအပြင် သိပ်မထွက်တော့သဖြင့် ညနေ ၆နာရီမှ ည ၉နာရီ အတွင်းမောင်း
ချိန် ၃နာရီသာ ရရှိကြောင်း၊ ထိုအချိန် သုံးနာရီမှာ ကားအုံနာဖိုး
ကျော်ရုံသာ ရှာလို့ရသဖြင့် တက္ကစီ မောင်းသူများအတွက် အခက်
အခဲရှိကြောင်း၊ ယင်းအပြင် တက္ကစီသမားများ ကိုယ်တိုင်လည်း
၎င်းတို့၏ လုံခြုံရေးအတွက် ခရီးသည်ကိုသေချာရွေးပြီးမှသာ
ကားအငှားလိုက်နေရကြောင်း သိရသည်။
ဆုဝေ
The Myanma Age

SHARE THIS
Previous Post
Next Post