အမေရိကန် နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့ ပူးပေါင်း ပြုလုပ်သည့် စစ်ရေး လေ့ကျင့်မှုတွင်
အမေရိကန် နိုင်ငံက နျူကလီးယား လက်နက် တပ်ဆင်ထားသော B-52 ဗုံးကြဲလေယာဉ်
အသုံးပြု၍ လေ့ကျင့် ခဲ့မှုအား တုံ့ပြန်သည့် အနေဖြင့် ဂူဟမ်ကျွန်းနှင့် ဂျပန်
နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက် စခန်းများအား တိုက်ခိုက် သွားမည်ဟု
မြောက်ကိုရီးယား စစ်တပ်က မတ် ၂၁ ရက်တွင် ခြိမ်းခြောက် ခဲ့ကြောင်း သိရပြီး
၎င်းဗုံးကြဲ လေယာဉ်အား အသုံးပြုမှုသည် ခွင့်မလွှတ် နိုင်သော ကိစ္စရပ် ဖြစ်ကြောင်း
မြောက်ကိုရီးယား အစိုးရက ပြောကြားခဲ့သည်။ ၎င်း B-52 ဗုံးကြဲ လေယာဉ်များသည်
ဂူဟမ်ကျွန်းတွင် အခြေစိုက် ထားသော အမေရိကန် လေတပ် စခန်း မှ တောင်ကိုရီးယား
နိုင်ငံသို့ လေ့ကျင့်ပျံသန်း လာခဲ့ခြင်း ဖြစ်ပြီး ထိုသို့ လေ့ကျင့်မှုမှာ
မြောက်ကိုရီးယား နိုင်ငံအား ကျူးကျော်ရန် အစမ်း လေ့ကျင့်ခြင်း ဖြစ်သည်ဟု
မြောက်ကိုရီးယား နိုင်ငံက စွပ်စွဲထားသည်။
မြောက်ကိုရီးယား နိုင်ငံအား ပစ်မှတ်ထားလျက် နျူကလီးယားဖြင့် လေ့ကျင့်သည့် အမေရိကန်၏ စစ်ရေး လေ့ကျင့်မှုအား သည်းမခံ နိုင်သောကြောင့် ပြင်းထန်စွာ ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း၊ဂူဟမ်ကျွန်းရှိ အန်ဒါဆန် စစ်အခြေစိုက် စခန်းနှင့် ဂျပန်နိုင်ငံ အတွင်းရှိ အခြေစိုက် စခန်းများသည် မြောက်ကိုရီးယား၏ ပစ်မှတ် အတွင်းတွင် တည်ရှိ သည်ကိုအမေရိကန် နိုင်ငံ အနေဖြင့် မမေ့သင့်ကြောင်း၊ မြောက်ကိုရီးယား စစ်တပ်မှ ပြောရေးဆိုခွင့် ရှိသူက ပြောကြား ခဲ့ကြောင်း သိရသည်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချက်ဟာဂယ်လ်သည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုအား ကာကွယ်ရန်အတွက် အမေရိကန် ပြည်ထောင်စု အနောက်ဘက် ကမ်းရိုးတန်း တစ်လျှောက်တွင် ဒုံးခွင်းဒုံး စနစ်များအား ထပ်မံဖြန့်ကြက် ချထား သွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် သီတင်းပတ် က ပြောကြား ခဲ့ကြောင်း သိရသည်။