ကျားအင်ဒိုနီးရှား နိုင်ငံတွင်
စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်နေသည့် ရွာသားတစ်ဦးကို
ကျားဝင်ဆွဲသွားခြင်းကြောင့် ရွာသူရွာသားများ ခြောက်ခြားနေကြောင်း
သိရှိရသည်။ ရှားပါးသည့် ဆူမားတြားကျား တစ်ကောင်သည် ရော်ဘာ စိုက်ပျိုးနေသည့်
ရွာသားတစ်ဦးကို ဝင်ရောက်ကိုက်ခဲ သတ်ဖြတ်သွားခြင်း ဖြစ်သည်။
အသက်(၃၂)နှစ်ရှိ ကာမန်လူဘစ်သည် ဆူမားတြား မြောက်ပိုင်း ဒေသရှိ ရော်ဘာ
စိုက်ခင်း တစ်ခုတွင် အလုပ်လုပ်နေစဉ် ကျားက ဝင်ကိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကျားမျိုးသည် မျိုးသုဉ်းလုနီးနီး အခြေအနေ ရှိနေပြီး ကမ္ဘာပေါ်တွင်
အပြီးတိုင် ပျောက်ကွယ်သွားမည်ကို စိုးရိမ်ရလောက်အောင် ရှားပါးလျှက်
ရှိသည်။ သို့သော်လည်း လူကို သတ်ဖြတ်ဖူးသည့် အခြေအနေကြောင့် အာဏာပိုင်များ
အနေဖြင့် ကျားကို သုတ်သင်ပေးရန် ရွာသားများက မျှော်လင့်လျှက် ရှိသည်။
လူဘစ်၏ ရုပ်အလောင်းကို ဗုဒ္ဓဟူးနေ့က စိုက်ခင်းနှင့် တစ်မိုင်နီးပါးမျှ
အကွာရှိ ဘာတန်ဂါဒစ် အမျိုးသား ဥယျာဉ်အနီးတွင် ရှာဖွေ တွေ့ရှိခဲ့သည်။
ကြောက်ရွံ့နေသည့် ရွာသားများက အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့်
ယင်းကျားမျိုးကို မသတ်ဖြတ်ရန် ဥပဒေအရ တားမြစ်ထားသည့်တိုင် မဖြစ်မနေ
သုတ်သင်ပေးရန် တိုက်တွန်း ပန်ကြားနေကြသည်။ တာဝန်ရှိသူများကမူ ကျားကို
အရှင်ဖမ်းပြီး နေရာရွှေ့ပြောင်းပေးရန် စီစဉ်နေကြာင်း ပြောကြားထားသည်။
အင်ဒိုနီးရှားတွင် ဆူမားတြားကျားမျိုး အကောင်ရေ (၄၀၀)ဝန်းကျင်သာ
ရှိတော့သည်။ အဓိကအားဖြင့် သစ်တော ပြုန်းတီးမှု၊ လူအများနှင့် ပဋိပက္ခဖြစ်မှု၊
တရားမဝင် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ယင်းကျားများ ကောင်ရေ
လျော့နည်းလာခြင်းဟု သိရှိရသည်။
SHARE THIS