Forbes မဂ္ဂဇင်းက ရွေးချယ်ခဲ့သော ကမ္ဘာ့ အလွှမ်းမိုးဆုံး အနုပညာရှင် စာရင်းတွင် မီဒီယာ လုပ်ငန်းရှင်နှင့် ရုပ်ရှင် ထုတ်လုပ်သူ လူမည်း အမျိုးသမီး အနုပညာရှင် အိုပရာဝင်းဖရေးက နံပါတ် တစ် နေရာ၌ ဆက်လက် ရပ်တည်နေကြောင်း အဆိုပါ မဂ္ဂဇင်း၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။ အိုပရာဝင်းဖရေးအား Forbes မဂ္ဂဇင်းမှ ပရိသတ် ၄၈ ရာခိုင်နှုန်းက ကမ္ဘာ့ အလွှမ်းမိုးဆုံး အနု ပညာရှင် အဖြစ် ရွေးချယ် ခဲ့ကြ သည်။ ယခင်နှစ်ကလည်း ဝင်းဖရေးသည် နံပါတ်တစ် နေရာကို ရရှိခဲ့သူ ဖြစ်သည်။ အိုပရာ ဝင်းဖရေးက လင့်စ်အန်းစထရောင်းအား ၎င်း၏ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ပတ်သက်သည့် အကြောင်းကို သူမ၏ OWN ဝက်ဘ်ဆိုက်တွင် တွေ့ဆုံ မေးမြန်းခဲ့ရာ ကမ္ဘာ တစ်ဝန်းမှ ပရိသတ် ၂၈ သန်းက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
အိုပရာ ဝင်းဖရေးသည် ၁၉၈၆ ခုနှစ်မှ ၂ဝ၁၁ ခုနှစ် အထိ စကားပြော စွမ်းရည်ပြိုင်ပွဲ တွင် အစီအစဉ်မှူး အဖြစ် ပရိသတ်များ၏ အားပေးမှုကို အခိုင်အမာ ရရှိထားသူ ဖြစ်သည်။ ထို့ပြင် အလှူအတန်း အရက်ရောဆုံး လူမည်း အမျိုးသမီး အနုပညာရှင် အဖြစ် သတ်မှတ် ခံရသူလည်း ဖြစ်သည်။ Lincoln ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသူ ဟောလီးဝုဒ် ဒါရိုက်တာ စတီဗင်စပီးလ်ဘာ့ဂ်က Forbes မဂ္ဂဇင်းမှ ပရိသတ် ၄၇ ရာခိုင်နှုန်း၏ မဲပေးမှုဖြင့် ကမ္ဘာ့ အလွှမ်းမိုးဆုံး အနုပညာရှင် စာရင်းတွင် နံပါတ်နှစ် နေရာကို ရရှိခဲ့သည်။ စပီးလ်ဘာ့ဂ်သည် ထိပ်တန်း အနုပညာရှင် ဒါရိုက်တာ လေးဦး စာရင်း၌ နံပါတ်တစ် နေရာကို ရရှိထားသူ ဖြစ်သည်။
စတီဗင်စပီးလ်ဘာ့ဂ်သည် လက်ရှိတွင် အိန္ဒိယ နိုင်ငံမှ Reliance အနုပညာ အေဂျင်စီ နှင့် ပူးပေါင်း၍ ကက်ရှ်မီးယား ဒေသတွင် ရုပ်ရှင်ဇာတ်ကား တစ်ကား ရိုက်ကူးရန် စီစဉ်လျက် ရှိသည်။ ပြီးခဲ့သည့် နှစ်က ကမ္ဘာ့ အလွှမ်းမိုးဆုံး အနုပညာရှင် စာရင်းတွင် နံပါတ်နှစ် နေရာကို ရရှိခဲ့သော မင်းသား မိုက်ကယ်ဂျေဖောက်ဇ်က ယခုနှစ်တွင် နံပါတ် ၁၃ နေရာအထိ ရောက်ရှိ သွားခဲ့ သည်။ ဖောက်ဇ်သည် လတ်တလောတွင် သူ၏ ဘဝကို အခြေခံ ရိုက်ကူးမည့် ရုပ်ရှင် ဇာတ်လမ်း အစီအစဉ်များ အတွက် အလုပ်များလျက် ရှိသောကြောင့် ပရိသတ်များနှင့် ခေတ္တ အဆက် အသွယ် ပြတ်နေခဲ့ခြင်း ဖြစ်သည်ဟု သိရ သည်။
http://bit.ly/15doUvN