ဧပြီလ ၁ ရက် ၂၀၁၃
မြန်မာ့ရေထွက် ပင်လယ်အစားအစာ တမျိုးဖြစ်သည့် ဂုံးယောက်မ ရောင်းဝယ်ရေးမှာ ပြည်တွင်း၌ အောင်မြင်မှု ရရှိနေသော်လည်း ပြည်ပသို့ တင်ပို့ရောင်းချရမှု အလွန် အားနည်းနေသေးကြောင်း ရခိုင် ဂုံးလုပ်ငန်းရှင်များက ဆိုသည်။
ရခိုင်မှ ရန်ကုန်ပို့မည့် ဂုံးယောက်မများကို တွေ့ရစဉ်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ) ဂုံးလုပ်ငန်း ပြည်တွင်း၌ အောင်မြင်နေသော်လည်း ပြည်ပတင်ပို့မှု အားနည်းနေဆဲဖြစ်သည်။
“တကယ်တော့ ဂုံးလုပ်ငန်းက ဒီနှစ်ပိုင်းမှာပဲ ပိုပြီး တွင်ကျယ်လာခဲ့တာပါ။ ပြည်ပ ပို့ကုန် အနေနဲ့ကတော့ ထိုင်ဝမ် တခုတည်းပဲ ရှိသေးတယ်။ ဒါကလည်း ဈေးကွက် ထိုးဖောက်တဲ့နေရာမှာ အားနည်းချက်တွေကြောင့် ဖြစ်နိုင်ပါတယ်” ဟု ဂုံးလုပ်ငန်းရှင် ဦးကျော်ညွန့် က ပြောသည်။
ရခိုင်ဒေသ “ဂုံးစောက်” ဟု ခေါ်သည့် “ဂုံးယောက်မ”မှာ အရှည် ၄ လက်မရှိ အခွံမာ ရေနေသတ္တဝါ ဖြစ်ပြီး ရေအောက် ကြမ်းပြင် သဲနှင့်နုန်း ရောနှောထားသည့် နေရာတွင် နေလေ့ရှိကာ မြန်မာနိုင်ငံတွင်မူ ရခိုင်ကမ်းရိုးတမ်းဒေသ၌ အများဆုံး တွေ့ရှိရသည်။
ယင်းတို့အား အောက်စီဂျင်ဗူးများဖြင့် ရေငုပ်ဖမ်းယူကြရပြီး ကျောက်ဖြူ၊ မြေပုံ၊ အမ်း၊ ရသေ့တောင်၊ မောင်တော မြို့နယ်များတွင် ဂုံးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိသည်။
သို့ရာတွင် ရခိုင်ပြည်နယ် ဂုံးယောက်မ ရောင်းဝယ်ရေး ဒိုင်များကို ကျောက်ဖြူ တမြို့တည်း၌သာ တွေ့ရပြီး ကျောက်ဖြူတွင် ဂုံးဒိုင် ၇ ခုဖွင့်လှစ်ကာ လုပ်ကိုင်နေကြသည်။
ထိုသို့ ဂုံးဒိုင်များ နည်းပါးနေရခြင်းမှာ “ကုန်ခဲ့သည့်နှစ် အနည်းငယ်ကမှ စတင်ကာ ဂုံးယောက်မများ ပြည်တွင်းဈေးကွက်တွင်အောင်
ယခုအခါ ဂုံးဖမ်းသူများမှာ မိသားစု စားဝတ်နေရေး ဖူလုံစေသည့် စီးပွားရေးလုပ်ငန်း တခုပင် ဖြစ်နေပြီဟု သိရသည်။
“ကျနော်တို့ အဝယ်ဒိုင်တွေမှာ ဂုံးလာသွင်းတော့ တကောင်ကို ငွေတရာကျပ်နှုန်း ပေးတယ်။ လက်ရှိ ဒီမှာ ဂုံးဖမ်းသူ တရာကျော် ရှိနေပြီးတော့ လူတယောက်ကို တနေ့မှာ ဂုံးကောင်ရေ ၄၀၀ ကနေ ၁,၀၀၀ အထိ ဖမ်းယူရရှိတာ တွေ့ရတယ်။ မိသားစု တစုမှာ နှစ်ယောက်လောက်က ဂုံးဖမ်းမယ် ဆိုရင်တောင် ဒီလုပ်ငန်း တခုတည်းနဲ့ စားဝတ်နေရေးကို ဖြေရှင်းနိုင်တယ်” ဟု ဦးကျော်ညွန့် က မှတ်ချက်ပြုသည်။
ထိုသို့ ဝယ်ယူရရှိလာသော ဂုံးများကို ယာယီထိန်းသိမ်းရာ၌ အပူချိန် ၁၁၀ ဒီဂရီ ဖာရင်ဟိုက် ရေငန်၌ အောက်စီဂျင်ကို အဆက်မပြတ် ပေးထားရသည်။ ထူးခြားချက်အနေဖြင့် ဂုံးများကို အစာကျွေးရန် မလိုသော်လည်း ၎င်းတို့၏ မြေပြင် သက်တမ်းမှာ လေးရက်ခန့်သာရှိ၍ သယ်ပို့ခြင်းကို အချိန်မီ လုပ်ဆောင်ရန်လိုကြောင်း သိရသည်။
၎င်းပြင် ရခိုင်ဒေသ အဝယ်ဒိုင်များမှ ရန်ကုန်ပွဲရုံများသို့ လေယာဉ်ဖြင့် သယ်ပို့လျှင် အသေအပျောက် မရှိသော်လည်း ကုန်းလမ်းမှ ကားဖြင့် သယ်ယူရာတွင်မူ သေပျောက်နှုန်း အနည်းငယ် ရှိတတ်သည်။ သို့သော် ရခိုင် ဂုံးလုပ်ငန်းရှင် များကမူ စရိတ်စက အကုန်အကျ သက်သာရန် ရန်ကုန်သို့ ကားများဖြင့်သာ ပို့ဆောင်ကြသည်။
“ဂုံးလုပ်ငန်းက ရန်ကုန်ဈေးကွက်မှာ ဖြန့်တဲ့အခါ ဟိုတယ်၊ စားသောက်ဆိုင်တွေ သာမက သာမန်ဈေးတွေထိ ကျယ်ကျယ်ပြန့်ပြန့်
ရောင်းချနေကြပြီ။ ဈေးထဲမှာ သာမန်အရွယ်အစား ဂုံးယောက်မ လေးကောင်ကို တထောင်အထက် ဈေးပေါက်နေပြီး စားသောက်ဆိုင်တွေမှာ ဂုံးတပွဲကို ၁,၀၀၀ နဲ့ ၂,၀၀၀ ကြား ရှိတယ်။ ဟိုတယ်တွေမှာတော့ ပင်လယ်စာ၊ တံငါဟင်းတွေ အနေနဲ့ ၂,၀၀၀ ကနေ ၅,၀၀၀ အထိ ဈေးကောင်းရောင်းနေရတယ်” ဟု ရန်ကုန်ဖြန့်ချီရေး တာဝန်ခံ တဦးက ပြောသည်။
ဂုံးယောက်မများကို ထိုသို့ ပြည်တွင်းဈေးကွက်တွင် အောင်မြင်နေရုံနှင့် ရောင့်ရဲ မနေသင့်ဘဲ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိရေးအတွက်ပြည်ပ ဈေးကွက်များသို့ အစားအစာ ပုံစံမျိုးစုံဖြင့် တင်ပို့လျက် ဈေးကွက်ရှာသင့်ကြောင်း ရခိုင် ဂုံးလုပ်ငန်းရှင်များက ဆိုသည်။
ဂုံးယောက်မများ ဖမ်းဆီးခြင်းအား ငါးလုပ်ငန်း ဥပဒေအရ တားမြစ်ထား ခြင်း မရှိကြောင်းလည်း သိရသည်။
Mizzima