ကျောက်ဖြူ မဒေးကျွန်းမှာ တရုတ်ကုမ္ပဏီ CNPC ကို ဒေသခံတွေ ၀ိုင်းဝန်း ဆန္ဒပြပြီ

Friday, April 19, 2013

ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကြောင့် အထွေထွေ အကျပ် အတည်းတွေနဲ့ ရင်ဆိုင်နေကြရတဲ့ မဒေးကျွန်းက ဒေသခံ ပြည်သူ ၅၀၀ ခန့်ဟာ ဧပြီလ ၁၈ ရက်နေ့ နေ့လည်က စပြီး တရုတ်ကုမ္ပဏီ CNPC ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေဟာ မဒေးကျွန်း ဘုန်းတော်ကြီးကျောင်းရှေ့ကနေ တရုတ်ကုမ္ပဏီ CNPC ရုံးရှေ့ထိ စုဝေး ချီတက်ပြီး ကြွေးကြော်သံ တွေကို ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြပါတယ်။ဆန္ဒပြသူတွေ အနေနဲ့ အချက် (၉) ချက်ကို တောင်းဆို ဆန္ဒပြနေကြတာ ဖြစ်တယ်လို့ ဦးဆောင်သူ တစ်ဦး ဖြစ်သူ ကိုထွန်းကြည်က ပြောပါတယ်။

အခု ဆန္ဒပြပွဲဟာ ခွင့်ပြုချက်မရဘဲ ပြုလုပ်တာ ဖြစ်တဲ့ အတွက် အရေးယူမူတွေ၊ နှိမ်နှင်းမူတွေ ပြုလုပ်လာနိုင်တဲ့ အတွက် သတိထားပြီး ဆောင်ရွက်နေရတယ်လို့ ပြောပါတယ်။လုံခြုံရေးတွေကိုတော့ အာဏာပိုင်တွေက ကျွန်းပေါ်မှာ တင်းတင်း ကျပ်ကျပ် ချထားတယ်လို့ ပြောပါတယ်။

နေ့လည် ၂ နာရီထိ အာဏာပိုင်တွေဘက်က တစ်စုံတစ်ရာ တုန့်ပြန် ဆောင်ရွက်မူတွေ မရှိသေးဘူးလို့ ဆိုပါတယ်။

ဆန္ဒပြသူတွေ တောင်းဆိုနေတဲ့ အချက်တွေထဲမှာ (၁) သိမ်းဆည်း လယ်မြေတွေကို လျှော်ကြေးပေးရာမှာ နိုင်ငံတကာ စံချိန် စံညွှန်းအတိုင်း ပေးဆောင်ရန်(၂) လယ်မြေ ဥယာဉ်ခြံမြေတွေကို ဒေသခံတွေကို အသိမပေးဘဲ မသိမ်းရန် (၃) ကျွန်းပတ်ပတ်လည်မှာ ငါးဖမ်းခွင့်ပေးရန် (၄) ကျွန်းပေါ်ရှိ ဒေသခံ ကျေးရွာများတွင် လျှပ်စစ်မီး ပေးဝေရန် (၅) အလုပ်သမားကဒ် ရှိသူတွေကို အလုပ်ပြန်ခန့်ပြီး တရုတ် အလုပ်သမားတွေနဲ့ တန်းတူ လစာပေးရန်၊ (၅) မဒေကျွန်းမှာ ပျက်စီးနေတဲ့ လမ်းတွေကို ပြန်လည် ပြုပြင်ပေးရေး(၆) ပျက်စီးနေသောတာတမံတွေကိုပြန်လည် တည်ဆောက် ပေးရေး စတဲ့ အချက်တွေ ပါဝင်တယ်လို့ ကိုထွန်းကြည်က ပြောပါတယ်။

စုစုပေါင်းတောင်းဆိုတဲ့ အချက် (၉) ချက် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးမယ်လို့ ကျောက်ဖြူ ခရိုင်၊ မြို့နယ် အဆင့် တာဝန်ရှိသူတွေမှ အရင်က အကြိမ်ကြိမ် ၀န်ခံ ကတိပြုခဲ့ပေမယ့် လက်တွေ့မှာ ဆောင်ရွက်ပေးတာ မရှိဘူးလို့ ကိုထွန်းကြည်က ပြောပါတယ်။ ဒါကြောင့် ခုလို ဆန္ဒပြရတာ ဖြစ်တယ်လို့ ပြောပါတယ်။
နောက်ဆုံးတောင်းဆိုတဲ့ အချက်တွေကို လိုက်လျော့ပေးမယ်လို တရုတ် အင်ဂျင်နီယာတွေက ပြောဆိုတယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ အမျိုးသမီး တစ်ဦးက ပြောပြပါတယ်။

narinjara

SHARE THIS
Previous Post
Next Post