ရခိုင်ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်မှု “ခါးသီးစွာ” ခံရဆဲဟု AHRDO ပြော

ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေကာ ကျူးလွန်သူများတွင် ဒေသအာဏာပိုင်များ
၊ နိုင်ငံခြား ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ကြောင်း ရခိုင်လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (AHRDO) က ပြောဆိုလိုက်သည်။
စစ်တွေမြို့တွင် မေလ ၁၉ ရက်နေ့က ပြုလုပ်သည့် AHRDO နှင့် စစ်တွေမြို့ရှိ ရခိုင် အမျိုးသား အင်အားစုများ တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် AHRDO ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦး က သတင်းထောက်များအား ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“နိုင်ငံအပြောင်းအလဲကို ဦးတည်နေတယ် ဆိုပေမယ့် တကယ့်လက်တွေ့ ရခိုင် တိုင်းရင်းသားတွေဟာ ဒီကနေ့ထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခါးသီးစွာ ရင်ဆိုင် ခံစားနေရဆဲ ဖြစ်တယ်။ ကျနော်တို့ ဒေသခံတွေနဲ့ တွေ့ဆုံတဲ့ရအခါ လယ်ယာမြေသိမ်းမှုတွေ၊ အလုပ်သမား
အခွင့်အရေး ချိုးဖောက်ခံ နေရမှုတွေ၊ တိုင်းရင်းသား အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို
သူတို့က ရင်ဖွင့်ကြတယ်” ဟု ပြောသည်။
AHRDO ဒါရိုက်တာအဖွဲ့ဝင်များသည် မေလ ၁၃မှ ၁၇ ရက်နေ့အထိ တောင်ကုတ်နှင့် ကျောက်ဖြူမြို့နယ် များ၌ ဒေသခံများ၊ လူမှုအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့ကြသည်။
“ကျနော်တို့ ခရီးစဉ်တလျှောက်မှာ တွေ့ခဲ့၊ မြင်ခဲ့၊ ကြားခဲ့ရတာတွေဟာ လူ့အခွင့်အရေး ပြဿနာတွေပဲ ဖြစ်တယ်။ ဥပမာပြောရရင် မဟာဆန်မုန်တိုင်း ကာလမှာတောင် ကျောက်ဖြူမှာ ဓာတ်ငွေ့ပိုက်လိုင်း လုပ်ငန်းခွင်အလုပ်သမားတွေ အလုပ်ဆင်းနေရတာ တွေ့ခဲ့ရတယ်။ ပိုဆိုးတာကမင်းပြားမြို့နယ်ဘက်က အလုပ်သမားတွေ အထူးသဖြင့် အမျိုးသမီး အလုပ်သမားတွေကို အလုပ်ရှင်က နေထိုင်ရေး စီစဉ်မပေးရုံ သာမက
လုပ်အားခကိုလည်း မပေးဘဲထားတာ တွေ့ခဲ့ရတယ်။ ဒီလို အဖြစ်မျိုးတွေ အများကြီးတွေ့ခဲ့ရတယ်” ဟု AHRDO မှ ဒါရိုက်တာ ဦးကျော်ထွီးက ဆိုသည်။
အလားတူ စစ်တပ်အပါအဝင် ကုမ္ပဏီများ၏ မြေသိမ်းမှုမှာ ယနေ့တိုင် မူလပိုင်ရှင်ထံ လွှဲပြောင်းခြင်း မရှိသေးသလို၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ ပိုက်လိုင်း လုပ်ငန်းကြောင့် လယ်သမားတို့၏
လယ်ယာမြေများ ဆုံးရှုံး မှုနှင့်အတူ စားဝတ်နေရေး အခက်အခဲ ကြုံနေကြရကြောင်း ၎င်းကရှင်းပြသည်။
“လူ့အခွင့်အရေး ချိုးဖောက်နေသူအများစုဟာ
အာဏာပိုင်တွေ၊ အာဏာပိုင်နဲ့ ဆက်စပ်နေသူတွေဖြစ်လို့ အစိုးရ အနေနဲ့ ချိုးဖောက်နေသူတွေကို ဥပဒေနဲ့အညီ ကျောသားရင်သားမခွဲခြားဘဲ
အရေးယူ ဖို့လိုပါတယ်။
နောက်ပြီး လူ့အခွင့်အရေး ဆောင်ရွက်နေသူတွေကိုလည်း လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြုဖို့
လိုပါမယ်” ဟု ဦးအောင်မင်းဦး က တောင်းဆိုသည်။
ထို့ပြင် ၎င်းတို့အဖွဲ့အနေဖြင့် ရခိုင်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကဏ္ဍအလိုက် စနစ်တကျ မှတ်တမ်းစု၊ သုတေသနပြုပြီး အစိုးရနှင့်နိုင်ငံတကာသို့ တင်ပြသွားမည် ဟုလည်း
ဆက်လက်ပြောဆိုသည်။
တနင်္ဂနွေနေ့ တွေ့ဆုံပွဲသို့ နိုင်ငံရေးနှင့် လူမှုရေး အဖွဲ့အစည်းများမှ လူ ၂၀၀ ခန့် တက်ရောက်ခဲ့ပြီးနိုင်ငံရေးအကျဉ်းသား
ဟောင်း ကိုထွန်းလင်းကျော်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ကာ သဘာပတိအဖြစ် ရခိုင်သမိုင်း သုတေသီ
ဆရာတော်ဦးပညာစာရကချီးမြှင့်ပေးသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုး၊ ရခိုင်အမျိုးသမီး ကွန်ယက်ခေါင်းဆောင် ဒေါ်ညိုအေး၊ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံ တို့လည်း တက်ရောက်ခဲ့ကြသည်။
AHRDO ကို ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၉ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ဖွဲ့စည်းခဲ့ရာမှ ယခုနှစ် မေလ ဒုတိယ အပတ်တွင် ပြည်တွင်းသို့ တရားဝင် ပြန်လည် ဝင်ရောက်ခဲ့သည်

မေလ ၈ ရက်နေ့ကလည်း ရန်ကုန်မြို့ရှိ ရခိုင်အင်အားစုများနှင့် တွေ့ဆုံခဲ့သည်။

စစ်တွေ (မဇ္ဈိမ)

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post