ဗြိတိန်တွင် အကြမ်းဖက်လူသတ်မှု ဖြစ်ပွား

ဗြိတိန်တွင် အကြမ်းဖက်လူသတ်မှု ဖြစ်ပွား
ဗြိတိန်နိုင်ငံတွင် အကြမ်းဖက်မှုအဖြစ် ယူဆနိုင်သည့် နေ့ခင်းကြောင်တောင် လူသတ်မှု တစ်ခုကြောင့် အထိတ်တလန့် ဖြစ်ခဲ့ကြောင်း သိရှိရသည်။ လူ(၂)ဦးသည် တာဝန်ချိန် ပြင်ပတွင် မြို့ထဲ အေးအေးလူလူ သွားလာနေသည့် စစ်သားတစ်ဦးအား မြို့လယ်ခေါင်တွင် ဓားနှင့်ထိုးသတ်ပြီး ခေါင်းဖြတ်ရန် ကြိုးစားခဲ့သည်။ လန်ဒန်မြို့တော် အရှေ့တောင်ပိုင်းတွင် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားသော ခြောက်ခြားဖွယ် အကြမ်းဖက်မှုအတွင်း သံသယ တရားခံ (၂)ဦးကို ရဲများက ပစ်ခတ် ဖမ်းဆီးခဲ့ရသည်။ အာရပ်ဘာသာဖြင့် "အလ္လာသည် မြင့်မြတ်ပေသည်"ဟု ကြွေးကြော်မှုဖြင့် နေ့ခင်းကြောင်တောင် လူသတ်ပွဲ ဆင်နွှဲခဲ့သူ တစ်ဦး၏ လက်ထဲတွင် သားလှီးဓားကြီး တဝင့်ဝင့်နှင့် ရမ်းကားနေပုံကို မျက်မြင်သက်သေများက မှတ်တမ်း ဗီဒီယို ရိုက်ယူထားခဲ့သေးသည်။



(အကြမ်းဖက်လူသတ်ပြီးနောက် ပတ်ဝန်းကျင်ကို အော်ဟစ်ပြောကြားနေသည့် လူသတ်သမား)

၎င်းတို့သည် မီးဖိုချောင်သုံးဓားများ၊ သားလှီးဓားကြီးများဖြင့် မြို့လယ် လမ်းမပေါ်တွင် သောင်းကျန်းနေခဲ့ခြင်း ဖြစ်သည်။ အသတ်ခံရသော စစ်သားမှာ ၎င်း၏ တန်းလျားနှင့် ကိုက်(၂၀၀)မျှ အကွာ၊ မူလတန်းကျောင်းလေး တစ်ခုအနီးတွင် အသက်ဆုံးရှုံးသွားခဲ့ခြင်း ဖြစ်သည်။ လူထူထပ်စွာ သွားလာနေသော နေရာတွင်ပင် လူသတ်မှု ကျူးလွန်ခဲ့သူ တစ်ဦးက လမ်းလယ်ခေါင်တွင် "မင်းတို့ပြည်သူတွေ ဘယ်တော့မှ မလုံခြုံ မငြိမ်းချမ်းစေရဘူး။ မျက်လုံးတစ်လုံးအတွက် တစ်လုံး၊ သွားတစ်ချင်းအတွက် တစ်ချောင်း ပြန်ပေးဆပ်စေရမယ်"ဟု လန်ဒန်တောင်ပိုင်းသား လေသံ ပီပီသသဖြင့် အော်ဟစ်နေခဲ့ကြောင်းလည်း သိရှိရသည်။



(အကြမ်းဖက်လူသတ်သမား နှစ်ဦးနှင့် အသတ်ခံရသည့် စစ်သား၏ရုပ်အလောင်း)

၎င်း၏ လက်တွင် သွေးအလူးလူး အခြေအနေဖြင့် ခြောက်ခြားဖွယ် မြင်ကွင်းကြောင့် လူအများ အံ့ဩ တုန်လှုပ်ခဲ့ရသည်။ အကြမ်းဖက်သမား တစ်ဦးသည် ဖြတ်သွားဖြတ်လာ စစ်သား တစ်ဦးကို အဆက်မပြတ် ဓားဖြင့် ဆင့်ထိုးကာ လူလယ်ခေါင်တွင်ပင် ခေါင်းဖြတ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် တုန်လှုပ် ခြောက်ခြားနေသော ဖြတ်သွားဖြတ်လာ လူများကိုလည်း ယခုဖြစ်စဉ်အား ဓာတ်ပုံရိုက်ထားရန် အော်ဟစ် တောင်းဆိုခဲ့သေးသည်။ အသားရောင်ရင့် အနွယ်ဝင်ဖြစ်သော ထိုသူနှစ်ဦးသည် အသက်(၂၀)ကျော် အရွယ်များ ဖြစ်ကြပြီး ခြောက်ခြားဖွယ်ရာ လူသတ်မှု ကျူးလွန်ပြီးနောက် ရဲများ ရောက်လာသည်ကို သွေးအေးအေးနှင့် စောင့်နေခဲ့ကြသည်။



(အကြမ်းဖက်သတ်ဖြတ်ခံရသည့် စစ်သား၏အလောင်းအား လမ်းမပေါ်တွင် တွေ့ရပြီး

လူသတ်သမားနှစ်ဦးက အနီးအနားမှ လူများနှင့် စကားပြောဆိုနေစဉ်)


ရဲများ မရောက်လာမီ လူတစ်ဦးက ၎င်းအား ဗီဒီယိုရိုက်နေသူ တစ်ယောက်ရှေ့တွင် "ခွန်အားကြီးမားတဲ့ အလ္လာအရှင်မြတ်ကို တိုင်တည်ပြီး ကျွန်ုပ်တို့ ကျိန်ဆိုတယ်။ ဒီလုပ်ရပ်ကို လုပ်ဆောင်တဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က နေ့တိုင်း သေဆုံးနေရတဲ့ မွတ်ဆလင်တွေ အတွက်ပဲ။ ဒီဗြိတိန်စစ်သားဟာ မျက်လုံးတစ်လုံးအတွက် တစ်လုံး၊ သွားတစ်ချောင်းအတွက် တစ်ချောင်း ပေးဆပ်လိုက်ရတာပါပဲ။ ဒီနေ့ဖြစ်ရပ်ကို အမျိုးသမီးတွေ မြင်လိုက်ရတဲ့ အတွက်တော့ ကျုပ်တို့ တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့မြေမှာ ကျုပ်တို့ အမျိုးသမီးတွေက ဒီလိုဖြစ်ရပ်တွေကို မြင်နေ တွေ့ရနေရကျပဲလေ"ဟု ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် ၎င်းတို့နှစ်ဦးကို ပစ်ခတ် ဖမ်းဆီးပြီးနောက် ကုသမှုခံယူစေကာ ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ တင်ပို့ခေါ်ဆောင်သွားခဲ့သည်။



(အကြမ်းဖက်သတ်ဖြတ်မှုတွင် ပါဝင်သည့် လူသတ်သမားတစ်ဦးအား အနီးမှဖြတ်သွားသည့် အမျိုးသမီးတစ်ဦးနှင့်အတူ တွေ့ရစဉ်)

ရဲများ မရောက်လာမီ ဓားကိုင်ထားသော အကြမ်းဖက်သမား တစ်ဦးကို Cub Scout ခေါင်းဆောင် အမျိုးသမီး အင်းဂရစ် လွိုင်ယူ ကန်းနက်က ကန့်ကွက်ပြောဆို အငြင်းပွားနေသည့် ဓာတ်ပုံများကိုလည်း သတင်းဌာနများက ဖော်ပြခဲ့သေးသည်။ "မင်းက လူအများကြီးနဲ့ ထိပ်တိုက်တွေ့ဖို့ ကြိုးစားနေတာ။ မင်းပဲ ရှုံးမှာပေါ့"ဟု အကြမ်းဖက်သမားအား ကန်းနက်က ကြိမ်းမောင်းပြောဆိုခဲ့ကြောင်း သိရသည်။ ယင်းဖြစ်ရပ် နောက်ပိုင်းတွင် ဝူးလ်ဝစ်ခ်ျရှိ တော်ဝင် လက်နက်ကြီးတပ် စစ်တန်းလျားနှင့် အနီးရှိ မူလတန်းကျောင်းတို့ကို ယာယီ ပိတ်ထားလိုက်ရသည်။



(အကြမ်းဖက်လူသတ်သမားနှစ်ဦးအား ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့စဉ်)

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က "အကြမ်းဖက်မှုနဲ့ ကျွန်တော်တို့ကို ချိုးနှိမ်လို့ မရပါဘူး။ ကျွန်တော်တို့ ပြိုလဲသွားမှာ မဟုတ်ပါဘူး။ အကြမ်းဖက်မှုကို ကျွန်တော်တို့ ဆက်ပြီး ရင်ဆိုင်မှာပါ။ ခင်ဗျားတို့ ဘဝကို ဆက်ရှင်သန်ပါ။ ဆက်နေထိုင်ပါ။ ပြီးတော့ အကြမ်းဖက်သမားတွေ ဘယ်တော့မှ အနိုင်မယူနိုင်ဘူး ဆိုတာကို လက်တွေ့ ပြလိုက်စမ်းပါ"ဟု ပြည်သူများအား မိန့်ခွန်း ပြောကြားခဲ့သည်။ ကင်မရွန်သည် ယခုဖြစ်စဉ်ကြောင့် ပြင်သစ် သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေးနှင့် ဆွေးနွေးနေမှုကို ချက်ချင်း ရပ်ဆိုင်းခဲ့သည်။



(အကြမ်းဖက်လူသတ်မှုဖြစ်ပွားရာပြ မြေပုံ)

ပြဿနာသည် ထိုမျှနှင့် မပြီးသေးဘဲ ညပိုင်းတွင် အသတ်ခံရသည့် စစ်သားကြောင့် မကျေမနပ် ဖြစ်ကာ အုံကြွလာသော လန်ဒန် လူထုအချို့နှင့် ရဲတပ်ဖွဲ့တို့ကြား ထိပ်တိုက် တွေ့ခဲ့ရသေးသည်။ အင်္ဂလိပ် ကာကွယ်ရေး အဖွဲ့ချုပ် (EDL)ဟု အမည်ပေးထားသည့် လှုပ်ရှားသူများက မျက်နှာဖုံးများ ဝတ်ဆင်ကာ ဝူးလ်ဝစ်ခ်ျရှိ ဘီယာဆိုင်တစ်ခု ရှေ့တွင် စုရုံးပြီး ဆူပူမှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ ယင်းဆန္ဒပြမှုကို ရဲများက နံပါတ်တုတ်များ၊ ဒိုင်းများ အသုံးပြုကာ လူစုခွဲခဲ့ရသည်။ လတ်တလောတွင် လန်ဒန်လူထု အနေဖြင့် ယင်းကိစ္စကြောင့် လုံခြုံရေး ကဏ္ဍအတွက် စိုးရိမ်သောကမကင်း ဖြစ်နေကြောင်းလည်း သိရှိရသည်။

Source: DailyMail

SHARE THIS
Previous Post
Next Post