တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို အချိန်တိုအတွင်း ထုတ်ယူနိုင်တော့မည်

Tuesday, May 14, 2013

တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်နှင့် အမှတ်စာရင်းများ ထုတ်ယူရာတွင် ရက်ပိုင်းသာ ကြာမြင့်တော့မည် ဖြစ်ကြောင်း သိရသည်။ ယခင်က
အောင်လက်မှတ်များ ထုတ်ယူရာတွင် အချိန်နှစ်လခန့် ကြာမြင့်ခဲ့ပြီး ယခုလမှစ၍ ရက်ပိုင်းဖြင့် ရတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ် ဦးစီးဌာန (ဇွဲကပင်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ပြောသည်။ ယင်းက “အောင်လက်မှတ် လျှောက်တဲ့အခါ လူကိုယ်တိုင် လျှောက်တာရယ်၊ စာတိုက်ကနေ ပေးပို့လျှောက်တာရယ် ဆိုပြီး နှစ်မျိုးရှိပါတယ်။ စာတိုက်ကနေ လျှောက်တာကြတော့ တစ်ခါတလေ အရေအတွက် များများနဲ့ ရောက်လာတော့ တစ်ပြိုင်တည်း ထုတ်ပေးဖို့ အချိန်နည်းနည်း ကြန့်ကြာမှုတွေ ရှိပါတယ်။ ပြီးတော့ အောင်စာရင်းထွက်တဲ့ အချိန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုတော့ အကုန်လုံးကို တစ်ချိန်တည်း ထုတ်ပေးဖို့ အခက်အခဲ ရှိပါတယ်။ အဲဒီအတွက် ဝန်ထမ်းအင်အားကို တိုးချဲ့ထားတယ်။ ဒါကြောင့် အရင်လို လနဲ့ချီပြီး မစောင့်ရတော့ဘဲ ရက်ပိုင်းပဲ ကြာမယ်။

ထုတ်တဲ့လူ ထောင်ဂဏန်းလောက်အထိ များပြားနေမယ် ဆိုရင်တော့ အလွန်ဆုံး နှစ်ပတ်အတွင်း ထုတ်ပေးနိုင်အောင် စီစဉ်ပေးမှာပါ” ဟု ပြောသည်။ ယင်းနှင့် ပတ်သက်၍ ၂၀၀၆-၂၀၀၇ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူ ရခိုင်ပြည်နယ်မှ မမြူမိုးခက်က “ကျွန်မ အောင်လက်မှတ် ထုတ်တုန်းက စာတိုက်ကနေ ပို့လိုက် တာပါ။ နှစ်လလောက် ကြာပါတယ်။ အခုလိုမျိုး ရက်ပိုင်းအတွင်း ထုတ်လို့ရပြီဆိုတော့ ကောင်းတာပေါ့။ အချိန်အကြာကြီး စောင့်စရာ မလိုတော့ဘူးပေါ့” ဟု ပြောသည်။ အဆိုပါ တက္ကသိုလ်ဝင်တန်း
အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို နေပြည်တော်နှင့် ရန်ကုန်တို့ရှိ စာစစ်ဦးစီးဌာနတို့မှ မိမိတို့နှင့် နီးစပ်ရာ စာစစ်ဦးစီးဌာနများတွင် ထုတ်ယူနိုင်ကြောင်း သတင်းရရှိသည်။

မြ၀တီ

SHARE THIS
Previous Post
Next Post