ပုဂံယဉ်ကျေးမှုဇုန်နှင့် မန္တလေးဘုန်ကြီးကျောင်းများတွင် ညစာစားပွဲ ကျင်းပခြင်းကို ကန့်ကွက်

Friday, May 10, 2013

မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းအနေဖြင့် ပုဂံ ယဉ်ကျေးမှုဇုန်တွင် Temple Dinner ပေးခြင်း၊ မန္တလေးရှိ ဘုန်းကြီးကျောင်းများတွင် ညစာ တည့်ခင်းခြင်းများကို ကန့်ကွက်ကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများကို တင်ပြသွားမည်ဟု အသင်း ၏ အတွင်းရေးမှူး ဦးကိုကိုလတ် က ပြောသည်။

“ပုဂံ ပုဂံယဉ်ကျေးမှုဇုန်အတွင်းမှာ Temple Dinner ပေးတာကို ဒေသခံတွေက လုံးဝ သဘောမတူဘူး။ ဘာသာရေး ရှုထောင့်က ကြည့်မည်ဆိုရင် လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။ မန္တလေးဘက်က ဘုန်းကြီးကျောင်းမှာ Dinner ပေးကြတယ်။ ဒါကို လာမယ့် ခရီးသွားရာသီမှာ မဖြစ်အောင် ကြိုတင်ပြီး ကာကွယ်တဲ့ အနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနများကို ကန့်ကွက်ကြောင်း တင်ပြသွားမယ်” ဟု ပြောသည်။

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဓမ္မရံကြီးဘုရား၏ အနောက်မြောက်ဘက်ရှိ ယာကွက်၊ အိုးထိန်းတောင်နှင့်
ရွှေနန်းရင်တောဘုရား၏ တောင်ဘက်၊ နေရာ ၃ နေရာတွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညစာစားပွဲများ ပြုလုပ်ခွင့်ပေးထားသည်။

ဘုရားပုရဝဏ်နှင့် လွတ်ကင်းသောနေရာများတွင် Temple Dinner လုပ်ခွင့်ပေးခြင်းမှာလည်း မလိုလားအပ်သည့် ပြဿနာများ ရှိလာနိုင်သည်ဟု ဧည့်လမ်းညွှန်တဦးက ပြောသည်။

“သတ်မှတ်နေရာ၊ အကွာအဝေးတွေ ရှိပေမယ့်၊ သတ်မှတ်နေရာတွေက ဘုရားပုရဝဏ် လွတ်ကင်းတဲ့နေရာ ဆိုပေမယ့်
ရှေးဟောင်းဇုန်ထဲက နေရာတွေပဲလေ။ ဓမ္မရံကြီးဘုရားရဲ့ အပြင်မှာ ဆိုပေမယ့် တခြားဘုရားတွေ ရှိသေးတယ်” ဟု ပုဂံဒေသခံ ဧည့်လမ်းညွှန် ဦးဇော်ဝင်းချို က ဆိုသည်။

ထို့ပြင် မန္တလေး ဘုန်းကြီးကျောင်းများတွင် ညစာစားပွဲ ပြုလုပ်ခြင်းမှာ သင့်လျော်ခြင်း မရှိ၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ခရီးသွားကုမ္ပဏီများကို တားမြစ်ပေးရန်လိုကြောင်း မန္တလေး ဧည့်လမ်းညွှန် တဦးက ပြောသည်။

Mizzima

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ

SHARE THIS
Previous Post
Next Post