ပဲခူးတိုင်းဒေသကြီး လှော်ကားကျေးရွာ ဒေသခံများ၏ ရော်ဘာခြံနှင့် လယ်ယာမြေအား သိမ်းယူခံရမှုနှင့် ပတ်သက်၍ ရှင်းလင်း

Re-post By ACM 27-5-2013

ပဲခူးတိုင်း ဒေသကြီး၊ လှည်းကူးကျေးရွာ အုပ်စုရှိ ကျေးရွာ ၆ ရွာမှ ဒေသခံ တောင်သူများ လုပ်ကိုင်နေသော ရော်ဘာခြံနှင့် လယ်ယာမြေများအား လုပ်ငန်းရှင်အချို့နှင့် တပ်မတော်မှ အငြိမ်းစား အရာရှိအချို့က သိမ်းယူထားသဖြင့် မူလလက်ငုတ် စိုက်ပျိုးသူများ အနေဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းစာ ရှင်းလင်းပွဲအား လှော်ကားကျေးရွာရှိ မဟာသတိပဋ္ဌာန် ကျောင်းတိုက်တွင် မေ ၂၆ ရက်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လှော်ကားကျေးရွာ အုပ်စုရှိ လှော်ကား၊ လသာကုန်း၊ ဘုရားလေးကုန်း၊ အရှေ့ဝိထို၊ အနောက် ၀ိထို၊ အင်းကလေး ကျေးရွာများမှ ဒေသခံများ၏ လယ်ယာမြေများအား ၂၀၀၆ ခုနှစ်မှ စတင်၍ လှော်ကားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းနှင့် ပဲခူးတိုင်းဒေသကြီး စစ်ပင်ဆိပ်ကျေးရွာမှ ဒေသခံ လုပ်ငန်းရှင် ဒေါ်သန်းအေးတို့မှ ဒေသခံများ၏ လယ်မြေများအား အာဏာပိုင် အချို့နှင့် ပူးပေါင်း၍ သိမ်းယူရောင်းစားမှုများ ပြုလုပ်ခဲ့ပြီး မူလပိုင်ရှင် လယ်ယာခြံမြေ လုပ်ကိုင်သူများအား အမှုဆင် ဖမ်းဆီးမှုများ၊ ခြိမ်းခြောက် လက်မှတ်ထိုးခိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း မေ ၃ ရက်က နိုင်ငံတော် သမ္မတထံ တိုင်ကြားစာ ပို့ခဲ့သူ ရှစ်ဦးက တညီတညွတ် ပြောကြားခဲ့သည်။
"ကျွန်တော်ပိုင်တဲ့ ဥယျာဉ်ခြံမြေနဲ့ လယ်ဧက ၂၂ ဧကမှာ ရော်ဘာအပင် ၃၀၀၀ စိုက်ထားပါတယ်။ ဘိုးစဉ်ဘောင်ဆက် လုပ်ခဲ့တဲ့ လယ်မြေကို အုပ်ချုပ်ရေးမှူးနဲ့ ဒေါ်သန်းအေးကပေါင်းပြီး သူတို့အမည်ပေါက်ပြီပြောလို့ ကျွန်တော်သွားရှင်းတဲ့ အချိန်မှာ အုပ်ချုပ်ရေးမှူးကို ဓားနဲ့ထောက်ပါတယ် ဆိုပြီး ကျွန်တော်အပါအ၀င် လူလေးဦးကို အမှုဖွင့်လို့ ပဲခူးထောင်မှာ ၇ လကျော် နေခဲ့ရပါတယ်။ နောက်တော့ ကျွန်တော်တို့ကို မူရင်းတိုင်ကြားချက်မှာ ပါတဲ့စွပ်စွဲချက် လက်နက်တွေ မတင်ပြနိုင်လို့ ကျွန်တော်တို့ကို ထောင်ခြောက်လချပြီး ချုပ်ရက်နဲ့ လွှတ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ အချုပ်အတွင်း ရှိချိန်မှာ ကျွန်တော့်ရာဘာပင်တွေ အားလုံးခုတ်ပြီး ထောင်ကလွတ်လာချိန်မှာ သိန်း ၅၀ နစ်နာကြေးကို ဒေါ်သန်းအေးက အဓမ္မ လက်မှတ်ထိုးခိုင်းပြီး ပေးပါတယ်။ သိန်း ၄၅၀၀ လောက် တန်တဲ့ခြံကို သိန်း ၅၀ ပဲပေးလို့ ငြင်းဆိုတော့ ခေါ်ထားတဲ့ ရဲတွေကိုပြပြီး ထောင်ချရမလားပြောတော့ ကျွန်တော် လက်မှတ်ထိုးပေး ခဲ့ရတယ်" ဟု ခြံမြေ သိမ်းဆည်းခံရသူ ဦးကြည်ဝင်းက ဆိုပါသည်။
အဆိုပါ ကျေးရွာအုပ်စုအတွင်း လုပ်ပိုင်ခွင့် ရရှိသူများမှ ဒေသခံများ လုပ်ကိုင်လိုသည့် လယ်မြေများအား သိမ်းယူလိုပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက် ပြောဆိုမှုများရှိပြီး ထိုသို့ ခြိမ်းခြောက်မှုကြောင့် ကြိုးဆွဲချ သတ်သေမှု၊ အဆိပ်သောက် သတ်သေမှုနှင့် ရပ်ရွာအတွင်း အိပ်စက်ရဲမှု မရှိဘဲ တောတွင်းသို့ ထွက်ပြေးပုန်းရှောင် နေရမှုများ ရှိနေကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သူများက ပြောကြားခဲ့သည်။
"ဘိုးစဉ်ဘောင်ဆက် ပိုင်တဲ့ လယ်မြေကို ဒုဗိုလ်မှူးကြီး မြင့်သန်းက အမည်ပေါက် ရထားတယ်ဆိုပြီး စိုက်ဧက ၄ ဧကမှာ စိုက်ထားတဲ့ ရော်ဘာပင်တွေ ကျွန်းပင်တွေကို မီးရှို့ပစ်ပါတယ်။ ကျွန်မတို့က မြို့နယ်မြေစာရင်းမှာ သွားပြီးစုံစမ်းတော့ ဒုဗိုလ်မှူးကြီး မြင့်သန်းဆိုပြီး အမည်ပေါက် မရှိပါဘူး" ဟု ဥယျာဉ်မြေ သိမ်းခံရသူ မစန်းဝင်းက ဆိုပါသည်။     
"ကျွန်တော်တို့ ရှစ်ဦးပိုင်တဲ့ ဥယျာဉ်ခြံမြေ ဧက ၅၀၀ ကျော်လောက်ကို စစ်တပ်စခန်း၊ ကောလိပ်ဆောက်မယ်ဆိုပြီး ဗိုလ်မှုးချုပ် ၀င်းအောင်က သိမ်းခဲ့တာပါ။ အခုတော့ ဘာတပ်စခန်း ဘာကောလိပ်မှ မရှိဘဲ သူနဲ့သူ့ဇနီး ဒေါ်ဟေမာတို့ပိုင်တဲ့ မြေတွေဖြစ်ကုန်ပါတယ်။ အခုတော့ ဒီမြေတွေရဲ့ မူလပိုင်ရှင် ကျွန်တော်တို့ကို တစ်ဧက တစ်သိန်းပေးမယ်ဆိုပြီး လာညှိနှိုင်းမှုတွေ ရှိပါတယ်။ ကျွန်တော်တို့က မြေကိုပဲ ပြန်လိုချင်တာပါ" ဟု စစ်ပင်ဆိပ်ကျေးရွာနေ လယ်သိမ်းခံရသူ ဦးမြင့်နိုင်က ဆိုသည်။
ယခင် စစ်အစိုးရ လက်ထက်အတွင်း မိရိုးဖလာ လယ်လုပ်ကိုင်သူများ၏ မသိနားမလည်မှုအပေါ် အခွင့်ကောင်းယူ၍ ဥယျာဉ်ခြံမြေများ သိမ်းယူခဲ့မှုအား လက်ရှိကာလတွင် သိမ်းဆည်းမြေနှင့် ဖျက်ဆီးခံခဲ့ရသည့် စိုက်ပျိုးပင်များ၏ တန်ဖိုးများ ပြန်လည်ရယူလိုပြီး မရရှိပါက ဆန္ဒဖော်ထုတ်မှုပြုရန် စီစဉ်မည်ဖြစ်ပြီး လက်ရှိဖြစ်စဉ် များကိုလည်း နိုင်ငံတော်သမ္မတ အပါအ၀င် အာဏာပိုင်များသို့ တိုင်ကြားစာ ပေးပို့ထားပြီးဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဝင်းအိမ်သို့ သတင်းမီဒီယာများမှ သွားရောက်မေးမြန်းရာ ပဲခူးမြို့သို့ သွားရောက်နေကြောင်း ပြောဆိုပြီး ဒေါ်သန်းအေးကမူ သူမနှင့် ဦးတင်ဝင်းတို့ အဆိုပါ ကိစ္စများအား သိရှိမှုမရှိ သက်ဆိုင်မှု မရှိကြောင်း ငြင်းဆိုခဲ့သည်။

အသိမ်းခံရသော လယ်ယာမြေများနှင့် ရော်ဘာစိုက်ခင်းများအား ဒေသခံ တောင်သူတစ်ဦးက ညွှန်ပြနေစဉ်

အေးချမ်းမွန် Credit & Copy From >< Thank For Your Post

SHARE THIS
Previous Post
Next Post