မုန်တိုင်းဘေးသင့်သူများ အတွက် တပ်မတော်ရိက္ခာ ထုတ်သုံးမည်


Thursday, May 16, 2013

မဟာစင်ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်နိုင်သော ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်များကို ထောက်ပံ့ရန် အဆိုပါ ပြည်နယ်ရှိ တပ်ရင်းတပ်ခွဲများမှ တစ်နှစ်စာ ရိက္ခာကိုထုတ်ယူသုံးစွဲသွားမည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောကြားသည်။

မေလ ၁၅ ရက်နေ့က ကမာရွတ် မြို့နယ် ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေး စင်တာတွင်ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ကာကွယ်စောင့်
ရှောက်ရေး ကော်မတီနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ဝန်ကြီးက ယင်းသို့ပြောကြားခြင်း ဖြစ်သည်။

အရေးပေါ် လိုအပ်ချက်အရ တပ်မတော်သားများ၏ တစ်နှစ်စာ ခွဲတမ်း ရိက္ခာကို ထုတ်သုံးရခြင်းဖြစ်ပြီး ယင်းရိက္ခာများကို လူမှုဝန်ထမ်း၊
ပြန်လည်ချထားရေးနှင့် ကယ်ဆယ်ရေး ဝန်ကြီးဌာနက ပြန်လည်
ဖြည့်ဆည်းပေးမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး ဒေါ်မြတ်မြတ်အုံးခင်က ပြောကြားသည်။

"ဝန်ကြီးဌာန အနေနဲ့ ၂၀၁၃-၂၀၁၄ အတွက် ဘတ်ဂျက် သိန်း ကိုးထောင်ကျော် ခွဲတမ်းရှိပါတယ်။ အဲ့ဒီဘတ်ဂျက်ကို သုံးပြီး တပ်ရိက္ခာကို ပြည်ဖြည့်ပေးမှာပါ" ဟု ၄င်းက ဆိုသည်။

ထို့အပြင် ဒုက္ခသည်များ အတွက် ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ် အထောက်အပံ့ပစ္စည်း (Emergency Kit) များကို လူဦးရေ သုံးသောင်းစာ ပြင်ဆင်ထား ကြောင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောကြားသည်။

ဒုက္ခသည်များအတွက် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ရာတွင်
နိုင်ငံတကာ အကူအညီများကို တောင်းခံရန် အစီအစဉ် မရှိသေးကြောင်း၊ သို့သော်နိုင်ငံခြားရေး ဝန်ကြီးဌာန တွင် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ နိုင်ငံတကာ ဆက်သွယ်ရေး ဆပ်ကော်မတီ များ ဖွဲ့စည်းထားပြီး နိုင်ငံတကာ အကူအညီ ပေးလိုသူများကို ပြည်ဝင်ခွင့် ဗီဇာကိစ္စများ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန် ပြည်ပရှိမြန်မာသံရုံး
အားလုံးသို့ ညွှန်ကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်ကျော်က ရှင်းပြသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန် အလွန် အရေးကြီးကြောင်း တာဝန်ရှိသူများက မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းအချက် အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးခြင်းဖြင့် နိုင်ငံတကာရှိ အထောက်အပံ့ ပေးလိုသူများကို ကူညီရန် လိုအပ်ကြောင်း အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က အကြံပြုပြောကြားသည်။

မုန်တိုင်းလမ်းကြောင်းရှိ စစ်တွေ၊ ပေါက်တော၊ မြေပုံ၊ မောင်တော၊
ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ကျောက်ဖြူနှင့် သံတွဲဒေသရှိ
ဘင်္ဂါလီလူမျိုး များကို နေရာပြောင်းရွှေ့ပေးရန် လိုအပ်ပြီး ယင်းဒေသများ၌ ဘင်္ဂါလီ စုစုပေါင်းလူဦးရေ ၁၆၆,၆၄၄ ရှိကြောင်း အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

SHARE THIS
Previous Post
Next Post