စစ်တွေမြို့မှ တစ်ကိုယ်တော် စက်ဘီးစီး အဘိုးအို လူငယ်များအား ဆေးလိပ် အရက်မသုံးစွဲရေး ပညာပေး ဆွေးနွေးမည်

၂ဝ၁၃ ခုနှစ် မေ ၃၁ ရက်တွင် ကျရောက်မည့် ''ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့''ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေ ၂ဝ ရက်မှစတင်ကာ စစ်တွေမြို့နယ် အတွင်း ရပ်ကွက်/ ကျေးရွာများသို့ လှည့်လည်၍လူငယ်ထု အကြားဆေးလိပ်၊ အရက်၊ ကွမ်း မသုံးစွဲကြရန် ပညာပေး ဟောပြောမှုများနှင့် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းကို တစ်ကိုယ်တော် စက်ဘီးစီး၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်တွေမြို့ မောလိတ် ရပ်ကွက်မှ အသက်၈၆ နှစ်အရွယ်ရှိ တစ်ကိုယ်တော် စက်ဘီးစီး အဘိုးအို ဦးပြူးက ပြောသည်။

''အဘလည်း ငယ်စဉ်ကတည်းက ဆေးလိပ်၊ အရက်၊ ကွမ်းလုံးဝ မသုံးစွဲပါဘူး၊ ကျန်းမာရေးကို အထူး လိုက်စားခဲ့ပါတယ်။ အခုခေတ် လူငယ်တွေရဲ့ လက်ထဲက ဆေးလိပ်တွေ၊ အရက်ခွက်တွေ လွတ်ကျသွားတဲ့အထိ အသိပညာပေး ဆွေးနွေးသွားမှာပါ''ဟု ဦးပြူးက ပြောကြားသည်။

တစ်ကိုယ်တော် စက်ဘီးစီး အဘိုးအို ဦးပြူးသည် မြန်မာနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင် အာရှ အားကစား ပွဲတော်ကြီးကို ကြိုဆိုဂုဏ်ပြုခြင်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား မောင်မယ်များ ရွှေတံဆိပ်များ ဆွတ်ခူးအောင်မြင်ပြီး ပြည်သူလူထု တစ်ရပ်လုံး ပျော်ရွှင်စွာ ပါဝင်အောင်ပွဲ ဆင်နိုင်ရေး အတွက် လှုံ့ဆော်ရေး အသွင်ဖြင့် ၂ဝ၁၂ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က ကျောက်ဖြူမြို့မှ စတင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁ဝ ခုရှိ မြို့နယ်အသီးသီးကို ဖြတ်ကျော်ကာ အချိန်ကာလအားဖြင့် သုံးလနှင့် သုံးရက်ကြာ အသွားအပြန် တစ်ကိုယ်တော် စက်ဘီးစီး သွားရောက်ခဲ့ကြောင်း သိရသည်။

စစ်တွေ မေ ၁၈

မြ၀တီ

SHARE THIS
Previous Post
Next Post