ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား လား

မနေ့ကအဆက် >>>>

၆။မေး_ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။

ဖြေ=ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ဖြစ်စေ၊ ထာဝရဘုရားက လွတ်လိုက်တဲ့ တမာန်တော်လို့ဖြစ်စေ. မမိန့်ကြားပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အားလုံးစုံပြည့်စုံတဲ့ လူသားတစ်ဦးပါပဲ။ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ကြိုးစားလျှင် ကျွန်ုပ်တို့လည်း သူ့လိုပဲ အလုံးစုံ ပြည့်စုံသူများဖြစ်နိုင်ကြောင်း မိန့်ကြားတော်မူပါတယ်။

၇။မေး_ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။

ဖြေ=ကိုးကွယ်နည်းအမျိုးမျိုးရှိပါတယ်။ တစ်ချို့ တစ်စုံတစ်ခုသော တန်ခိုးရှင်ဘုရား (God) ကို ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ် ဂုဏ်ပြုကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့ ဆုတောင်းတာကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ ။

ဗုဒ္ဓဘာသာဝင်တွေကတော့ ဒီလိုကိုးကွယ် ဆည်းကပ်မှု့မျိုးကို မလုပ်ကြပါဘူး။ တခြား ကိုးကွယ်ဆည်းကပ်မှု့ တမျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် တစ်စုံတရာကို ရိုသေမှု့၊ ဂါဝရပြုကြပါတယ်။ ဆရာအခန်းထဲဝင်လာရင် နေရာက ထ ပေးကြတယ် ။ ဂုဏ်သရေရှိတဲ့ လူတွေနဲ့တွေ့ရင် လက်ဆွဲနှတ်ဆက်ကြတယ်။ အမျိုးသားသီချင်းတီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။ ဒါတွေအားလုံးဟာ ရိုသေလေးစားမှု့ကိုပြတဲ့ အမူအရာတွေပါပဲ။ လေးမြတ်ကြည်ညိုမှု့ကို ဖော်ပြကြတာဖြစ်ပါတယ်။

ဒီလိုအရိုအသေ ဂါဝရပြုပြီး ရှိခိုးကိုးကွယ်မှု့ဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုးကိုးကွယ်မှု့မျိုးပါပဲ။
တင်ပလ္လင်ခွေထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကေလေးချထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင်လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှု့နဲ့ မေတ္တာတရားတိုးပွားအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေးနေပါတယ်။ အမွှေးတိုင်ရဲ့မွှေးရနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှု့ကုသိုလ်တွေ ပျံ့ နှံ့ နေစေဖို့ သတိပေးနေပါတယ်။

ဆီမီးကတော့ ပညာဆီမီး တန်ဆောင်ထွန်းပြောင်စေဖို့ သတိပေးနေပါတယ် ကပ်လျှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ်။ ဗုဒ္ဓရုပ်ပွားရှေ့မှာ ဦးညွတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မာဟောပြော ညွန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်းဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှု့ပါပဲ ။

၈။မေး_ဗုဒ္ဓဘာသာဝင်များဟာ ရုတ်ထုကို ကိုးကွယ်ကြတယ်လို့ တစ်ချို့လူတေတွကပြောတာ ကြားဖူးပါတယ် ဟုတ်ပါသလား။

ဖြေ=ဒီလိုအပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေကပြောကြတဲ့ စကားတွေပါ။ အဘိဓါန်များကတော့ ရုပ်ထုကို ထာဝရဘုရား (God) အဖြစ်နဲ့ ရှိခိုးကိုးကွယ်ကြတာကို ရုပ်ထုကိုးကွယ်မှု့လို့ ဖွင့်ပြကြပါတယ်။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရား (God) အနေနဲ့ ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်ထု၊ သံရုပ်ထု၊ ကြေးရုပ်ထု စသည်တို့ကို ဘယ်မှာကိုးကွယ်ကြပါသလဲ။ သို့သော်လည်း တစ်ခုတော့ရှိပါသည်။

ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆအမျိုးမျိုးကိုဖော်ပြဖို့ အမှတ်လက္ခဏာ (symbol) အမျိုးမျိုးကို အသံုးပြုကြပါတယ်။ ဥပမာ_ တာအိုဘာသာမှာဆိုရင် ဆန့်ကျင့်ဘက် နှစ်ခုတို့ရဲ့ ညီညွတ်ပေါင်းစည်းမှု့ကို ဖော်ပြဖို့ရာ ယင်နဲ့ယန်(Ying_Yang) ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြပါတယ်။

ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှု့ကို ဖော်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြပါတယ်။
ခရစ်တော်ရဲ့ လူသားအတွက် အသက်စွန့်လွှတ်မှု့ကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံပြုကြပါတယ်။

ဗုဒ္ဓဘာသာဝင် လူသားတစ်ဦးရဲ့ အလုံးစုံပြည့်စုံမှု့ကို ဖော်ပြဖို့ရာ ဘုရားရုပ်ထုတော်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြပါတယ်။  ဗုဒ္ဓ ရုပ်ထုတော်က ဗုဒ္ဓရဲ့တရားတော်များမှာပါဝင်တဲ့ လူသားနဲ့သက်ဆိုင်တဲ့ သဘာဝများကို ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဗုဒ္ဓဘာသာဟာ လူသားကိုဗဟိုပြုပါတယ် ထာဝရဘုရား သိ ကို ဗဟိုမပြုဘူးဆိုတဲ့အချက်နဲ့ အလုံးစုံပြီးပြည့်စုံစေဖို့ အသိမှန်အမြင်မှန် ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး
အဇ္ဇျတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့အချက်ကိုလည်း ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်ထုကို ရှိခိုးကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်ဟာလည်း မမှန်ပါဘူး။

၉။မေး_တရုတ်ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြားထူးထူးဆန်းဆန်း လုပ်ကြတာတွေ့ရပါတယ် အဲဒါတွေကို ဘာကြောင်လုပ်ကြပါသလဲ။

ဖြေ=ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့နားမလည်တဲ့ အရာများကို တွေရတဲ့အခါ အဲဒါတွေကို ကျွန်ုပ်တို့အတွက် ထူးဆန်းနေတတ်ပါတယ်။ အဲဒီလိုဟာတွေကို ထူးထူးဆန်းဆန်းတွေပဲလို့ အမှတ်တမဲ့ ဘာသိဘာသာ မနေပဲ အဲဒါတွေရဲ့ အဓိပ္ပါယ်ကိုရှာဖွေဖို့ ကြိုးစားသင်ကြပါတယ်။ မှန်ပါတယ် တခါတရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာလုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာအခြေမခံပဲ နားလည်မှု့နဲ့ အများယုံကြည်လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာတွေ့ရတတ်ပါတယ်။

ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာတစ်ခုတည်းမှာသာ မဟုတ်ပါဘူး ဘာသာတိုင်းမှာ ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ်ဟောပြောတော်မူပါတယ်။ အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ပတ်သတ်လို့ မှတ်သားဖွယ်အဆုံးအမ တစ်ခုကတော့ "ရောဂါဝေဒနာခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာထံမှကုသမှု့ခံယူဖို့ လွယ်ကူပါလျှက်နဲ့ ကုသမှု့မခံယူလျှင် ဆေးဆရာ၏အပြစ်မဟုတ်ပေ"

ထို့အတူပင် ကိလေသာရောဂါ ဖီးစီးအနှိပ်စက်ခံနေရသောသူသည် မြတ်စွာဘုရား၏ တရားတော်များရှိနေပါလျှက်နှင့် တရားဆေးဖြင့်မကုစားလျှင် မြတ်စွာဘုရား၏ အပြစ်မဟုတ်ပေ ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြားဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း ကောင်းကောင်းနားမလည်သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်းကို မဆုံးဖြတ်သင့်ပါ။

၁၀။မေး_ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်အဖြစ်လုပ်ငန်းတွေ လုပ်ကြတာသိပ်မကြားမိကြပါဘူး အဲဒါဘာကြောင့်ပါလဲ။

ဖြေ=ဗုဒ္ဓဘာသာဝင်တွေလည်း ကုသိုလ်ဖြစ်လုပ်ငန်းတွေလုပ်ကြပါတယ် သင်မကြားမိတာကတော့ ဗုဒ္ဓဘာသာဝင်များဟာ သူတို့လုပ်တဲ့ ကုသိုလ်ကောင်းမှု့တွေ အကြောင်းကို ဝါကြွားပြောဆိုဖို့မလိုဘူးလို့ ယူဆထားကြလို့ဖြစ်ပါလိမ့်မယ် နှစ်ပေါင်းတော်တော်ကြာဆီက ဂျပန် ဗုဒ္ဓဘာသာကောင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိယဝါဒို ဟာ ဘာသာတရားအားလုံး ပေါင်းစည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် (Templeton Prize) တင်ပယ်လ်တန်ဆုကို ရရှိပါတယ်။

အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးဟာ မူးယစ်ဆေးစွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက် မက်ဆေးဆေး ဆုကိုရရှိခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းကလည်း အရှင် ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက်တောရွာများမှာရှိတဲ့ အခြေနေမဲ့ ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစုစောင့်ရှောက်ခဲ့တဲ့အတွက် (နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆု) ကိုရရှိခဲ့ပါတယ်။

သို့သော်လည်း ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေပဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့ယုံကြည်ကြပါတယ် ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေ အကြောင်းကို သင်သိပ်မကြားရတာဖြစ်ပါလိမ့်မယ်။

၁၁။မေး_ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုးကွဲပြားနေပါသလဲ။

ဖြေ=လူတွေစားသုံးကြတဲ့ သကြားတွေလည်း အမျိုးမျိုးရှိကြတာ မဟုတ်လား။
သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲသကြားစသည်အမျိုးမျိုးရှိကြတာပဲ။ သို့သော်လည်း အားလုံးဟာ သကြားချည်းပဲ။ မချိုတဲ့သကြားရည်လို့ မရှိဘူး ဒီလို သကြားအမျိုးမျိုးအစားစား ထုပ်ကြတာ သူတို့ကိုသုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုးရှိကြလို့ပါပဲ။

ဗုဒ္ဓဘာသာလည်း ထို့အတူပါပဲ ထေရဝါဒ ဗုဒ္ဓဘာသာ၊ ဈင် ဗုဒ္ဓဘာ၊ အမိတာဘာ ဗုဒ္ဓဘာသာ၊ ယောဂစာရ ဗုဒ္ဓဘာသာ၊ ဝဇီရယာန ဗုဒ္ဓဘာသာ၊ စသည်ဖြင့် ကွဲပြားနေကြသော်လည်း အနှစ်သာရ အားဖြင့် အတူတူပါပဲ။ အဲဒီအနှစ်သာရ က ဘာလဲဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှလွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရပါပဲ။

ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင်အသွင်အမျိုးမျိုးနဲ့ ဖွံဖြိုးတိုးတက်လာခဲ့ပါတယ် အသစ်ဖြစ်တဲ့ မျိုးဆက်အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များတလျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီးအဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဌာန်အနေနဲ့ အမျိုးမျိုးကွဲပြားနေတယ်လို့ ထင်ရသော်လည်း အားလုံးရဲ့ဗဟိုချက်မ အနှစ်သာရကတော့ သစ္စလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။

ဗုဒ္ဓဘာသာအပါအဝင် ဘာသာကြီးများအားလုံးဟာ ဂိုဏ်းအမျိုးမျိုးကွဲခဲ့ကြပါတယ် သို့သော်လည်း ဗုဒ္ဓဘာသာဂိုဏ်း အမျိုးမျိုးဟာ အချင်းချင်းဘယ်တော့မှ ရန်မပွားခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ကျောင်းကန်ဘုရားကို တခြားဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြုကြပါတယ်။ တခြားဘာသာရေးလောကမှာ တကယ်တော့ အလွန်ရှားပါတယ်။

၁၂။မေး_သင်က ဗုဒ္ဓဘာသာကို အလွန်အထင်ကြီးတာပဲ သင့်ဘာသာတရားကို မှန်တယ်လို့ယူဆပြီး တခြားဘာသာအားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။

ဖြေ။=ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည်သဘောပေါက်တဲ့ ဗုဒ္ဓဘာသာဝင်မည်သူမဆို တခြားဘာသာတရားကို မှားတယ်လို့မထင်ကြပါဘူး တခြားဘာသာတရားများကို ပွင့်ပွင့်လင်းလင်း ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လဝရီယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလိုမထင်ကြပါဘူး

ဘာသာတရားအမျိုးမျိုးကိုလေ့လာတဲ့အခါမှာ ပထမဆုံးသတိပြုမိတာကတော့ ဒီဘာသာတရားတွေဟာ အချင်းချင်း ဘယ်လောက်များများတူနေကြတယ် ဆိုတဲ့အချက်ပါပဲ အားလုံးသော ဘာသာတရားများက လူသားရဲ့လက်ရှိအခြေအနေဟာ ကျေနပ်ဖွယ်မရှိဘူးလို့ ဝန်ခံကြတာပါပဲ လူသားရဲ့ အခြေအနေတိုးတက်လိုရင် စိတ်နေစိတ်ထားအပြုအမူ ပြောင်းလဲဖို့လိုအပတ်ယ်လို့ အားလုံး ယုံကြည်ကြပါတယ် ဘာသာတရားအားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလျှူတမ်းခြင်း၊ လူမှု့ရေး၊ တာဝန်ဝတ္တရားများ ဆောင်ရွက်ခြင်း စတဲ့ကျင့်ဝတ်များကို သင်ကြားပေးပါတယ် ဒါဟာ ဘာသာတရားအပေါ် ဗုဒ္ဓဘာသာမြင်တဲ့အမြင်ပါပဲ။

၁၃။မေး_ဗုဒ္ဓဘာသာဟာ သိပ္ပံနည်းကျပါသလား။

ဖြေ=ဒီမေးခွန်းကိုမဖြေမီ သိပ္ပံဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကိုရှာကြတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ် ။
အဘိဓါန်များက ဒီလိုဖွင့်ဆိုပါကြပါတယ် "သိပ္ပံ"ဆိုတာ တကယ်ဖြစ်နေတဲ့ သဘာဝတစ်ခုကို လက်တွေ့မျက်မြင် ကြည့်ရှု့ခြင်းနှင့် စမ်းသပ်ခြင်းတို့အပေါ် အခြေခံပြီး စနစ်တခုဖော်ထုတ်တဲ့ပညာ၊ တိတိကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့အရာတစ်ခုနဲ့ ပတ်သတ်လို့ သဘာဝကျတဲ့နည်းလမ်း ဥပဒေများ သတ်မှတ်ဖော်ပြတဲ့ပညာပါပဲ အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုဟာလည်း သိပ္ပံပါပဲ။ ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက်အလက်များ ရှိကောင်းရှိနိုင်ပါတယ် သို့သော်လည်း ဗုဒ္ဓဘာသာရဲ့ လိုရင်းဖြစ်တဲ့ သစ္စလေးပါး ကတော့ သေသေချာချာ ကိုက်ညီပါတယ်။

ပထမဆုံးအမှန်တရားက ဒုက္ခသစ္စာပါ။ လိုချင်တပ်မက်မှု့ တဏှာကို ဆိုလိုပါတယ်။ ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာဟာလည်း ကိုယ်တိုင်တွေ့သိ ခံစားရတဲ့အရာပါ အဓိပ္ပါယ်သတ်မှတ်လို့လည်းရပါတယ် ဒီဒုက္ခနဲ့ဒုက္ခရဲ့ အကြောင်းတရားအဖြေမှန်ကို ဒဿနပညာဆိုင်ရာ စကားလုံးတွေနဲ့ ရှင်းပြဖို့မလိုပါဘူး ကိုယ်တွေသိမြင်ခံစားရတဲ့အရာပါ။

တတိယ အမှန်တရားကတော့ နိရောဓသစ္စာပါ။ ဆင်းရဲကုန်ဆုံးတဲ့ သဘော ၊ ဆင်းရဲငြိမ်းတဲ့သဘောပါ၊ ဒီသဘောကို အနန္တ တန်ခိုးချင်ဆိုသူ တစ်ဦးဦးကို အားကိုးလို့မရပါဘူး။ ယုံကြည်ယုံမျှ၊ ဆုတောင်းရံမျှုနဲ့လည်း မရနိုင်ပါဘူး ဆင်းရဲဒုက္ခရဲ့ အကြောင်းတရားကို ပတ်သတ်နိုင်မှပဲ ရနိုင်ပါတယ်။

စတုတ္ထအမှန်တရားကတော့ ဆင်းရဲငြိမ်းစေတဲ့ နည်းလမ်းဖြစ်တဲ့ မဂ္ဂင်သစ္စပါ။ ဒီဆင်းရဲငြိမ်းရေး နည်းလမ်းကလဲ ဒဿနပညာ သဘောတရားနဲ့ လုံးဝမသက်ဆိုင်ပါဘူး သတ်မှတ်ပေးထားတဲ့ နည်းလမ်းအတိုင်း လက်တွေ့ကျင့်မှပဲ ရပါတယ်။ ဒီနည်းလမ်းကလည်း အစမ်းသတ်ခံနည်းလမ်းပါပဲ။

သိပ္ပံပညာမှာလို့ပဲ ဗုဒ္ဓဘာသာကို ရှင်းပြဖို့လည်း အနန္တတန်ခိုးရှင် အယူအဆကို လက်ခံဖို့မလိုပါဘူး။ ဗုဒ္ဓဘာသာ ကိုယ်တိုင်က စကြ၀ဠာ ကမ္ဘာလောကကြီးရဲ့ အလုပ်လုပ်ပုံကို သဘာဝ နိယာမတွေနဲ့ ရှင်းပြထားပါတယ်။ အဲဒီအချက်အားလုံးက ဗုဒ္ဓဘာသာရဲ့ သိပ္ပံနည်းကျ အနှစ်သာရကို သေချာစွာ ဖော်ဆောင်နေပါတယ်။ ဒီမှာလဲ ကျွန်ုပ်တို့ မြတ်ဗုဒ္ဓအမြဲတစေ ဆုံးမခဲ့တဲ့ အဆုံးအမက ကျွန်ုပ်တို့ဟာ ဘယ်အရာကိုမဆို အကန်းယုံအရမ်းယုံ မယုံမိကြဖို့၊ မေးမြန်း၊ စုံစမ်း၊ စစ်ဆေး၊ စမ်းသပ်ပြီးမှ ကိုယ်တိုင်တွေ့သိခံစားရတဲ့ အရာပေါ်မှာ အခြေခံပြီး ယုံသင့်မှ ယုံဖို့ပါပဲ။ ဒီအဆုံအမမှာ တိကျတဲ့ သိပ္ပံနည်းကျ အမြင်ပါဝင်နေပါတယ်။

ရှင်တော်မြတ်ဘုရား ဆုံးမပုံက ဗျာဒိတ်စကားဆိုရုံနှင့် မယုံကြည်ပါနှင့် အစဉ်အဆက် ယုံကြည်လက်ခံလာတာ ဖြစ်ရုံနှင့် မယုံကြည်ပါနှင့်။ သတင်းကြားနှင့်လည်း မယုံကြည်ပါနှင့် မြင်မြတ်တဲ့ကျမ်းစာများမှာ ပါရုံနဲ့လည်း မယုံကြည်ပါနှင့်။ တဆင့်စကားမျှဖြင့်လည်း မယုံကြည်ပါနှင့် စဉ်းစားတွေးခေါ်ရေး တက္ကဗေဒ၊ ဒဿနိကဗေဒတွေနဲ့ ကိုက်ညီမှု့နှင့်လည်း မယုံကြည်ပါနှင့် ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံမျှနှင့်လည်း မယုံကြည်ပါနှင့်
သင်ကိုယ်တိုင် ကောင်းတဲ့အရာပဲ၊ အပြစ်ကင်းတဲ့အရာပဲ၊ ပညာရှိလို့ ချီးမွမ်းအပ်တဲ့အရာပဲ၊ လက်တွေ့ကျင်ကြံတဲ့ အခါမှာလည်း မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့သိမြင်ရတဲ့အခါကျမှ အဲဒါကို ယုံကြည်လက်ခံလိုက်နာ ကျင့်ကြံပါ။

ဒါကြောင့် ဗုဒ္ဓဘာသာဟာ ပြည့်ပြည့်၀၀ သိပ္ပံနည်းကျတယ်လို့ မဆိုနိုင်သော်လည်း အတော်ခိုင်မာတဲ့ သိပ္ပံနည်းကျ သဘောသဘာဝတွေပါဝင်ပါတယ် ပြီးတော့ တခြားဘာသာတရားတွေထက် ပိုပြီး သိပ္ပံနည်းကျတယ်လို့တော့ ပြောနိုင်ပါတယ်။

နှစ်ဆယ်ရာစုနှစ်မှာ အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်း က ဗုဒ္ဓဘာသာနဲ့ ပတ်သတ်လို့ ဒီလိုပြောပါတယ် နောင်တစ်ချိန်မှာ စကြ၀ဠာ တစ်ခုလုံး ကိုးကွယ်ကြတဲ့ ဘာသာတရားတစ်ခု ပေါ်လာလိမ့်မယ်။ အဲဒီဘာသာတရားဟာ ထာဝရဘုရား အယူအဆကို လွှမ်းမိုးသွားလိမ်မယ် တရားသေဝါဒကို ရှောင်လွှဲနိုင်လိမ့်မယ် သဘာဝတရားနှင့်ဘာသာတရား နှစ်ခုလုံကိုလွှမ်းခြုံမိတဲ့ ဒီဘာသာတရားဟာ ရုပ်နာမ်နှစ်ပါးလုံး ကိုယ့်တွေ့ခံစား သိမြင်မှု့နဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ပေါင်းစည်းညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မယ် ဒီအချက်တွေကို ဗုဒ္ဓဘာသာက အဖြေပေးလိမ့်မယ်။ တကယ်လို့သာ ခေတ်သစ်သိပ္ပံနည်းကျ လိုအပ်ချက်များကို ဖြည်းဆည်းပေးနိုင်တဲ့ ဘာသာတရားတစ်ခုရှိတယ်ဆိုရင် အဲဒီဘာသာတရာမယ်။  ။

(ဆရာ နန္ဒသိန်းဇံ )


Posted via Blogaway

SHARE THIS
Previous Post
Next Post