မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပထမဆုံးအကြိမ် မြန်မာနိုင်ငံလာမည်


ရန်ကုန်၊ သြဂုတ် ၃

နေပြည်တော်တွင် ကျင်းပမည့် (၂၁) ကြိမ်မြောက် အာဆီယံဒေသတွင်း ဖိုရမ်သို့ တက်ရောက်ရန် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးသစ် Mr.Ri Su-yong သည် သြဂုတ်လ ၂ ရက်နေ့မှ စတင်၍ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမှ စတင် ထွက်ခွာလာပြီ ဖြစ်ကြောင်း တောင်ကိုရီးယားအခြေစိုက် Yonhop သတင်းဌာနတွင် ဖော်ပြထားသည်။

အနှစ် ၂၀ ကျော် ကာလအတွင်း ပထမဆုံးအကြိမ် ရောက်ရှိလာမည် ဖြစ်သော နိုင်ငံခြားရေးဝန်ကြီး Mr.Ri Su-yong သည် မြန်မာနိုင်ငံအပြင် လာအို၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် စင်ကာပူ နိုင်ငံများသို့ သွားရောက်ရန်လည်း လျာထားကြောင်း မြောက်ကိုရီးယား အခြေစိုက် မီဒီယာများကို ကိုးကား၍ Yonhop က ရေးသားထားသည်။

အာဆီယံဒေသတွင်း ဖိုရမ်တွင် မြောက်ကိုရီးယား၊ အမေရိကန်၊ ဂျပန်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက်ကြမည် ဖြစ်ပြီး ဂျပန်-ကိုရီးယား ဆက်ဆံရေးနှင့် မြောက်ကိုရီးယား-အမေရိကန် ဆက်ဆံရေးတို့ကို အလေးထား ဆွေးနွေးသွားဖွယ် ရှိကြောင်း ပြည်ပသတင်းဌာန Bubblews ဖော်ပြချက်များအရ သိရသည်။

မြန်မာအစိုးရနှင့် မြောက်ကိုရီးယား ဆက်ဆံရေးသည် ၁၉၇၅ ခုနှစ်တွင် စတင်ခဲ့သော်လည်း ၁၉၈၃ ခုနှစ် အာဇာနည်ကုန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး ခေတ္တရပ်နားခဲ့ရာမှ ၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် သံတမန်ရေးရာ ပြန်လည်စတင်ခဲ့ကြသည်။

တစ်ဖက်တွင်လည်း အမေရိကန်အစိုးရက မြောက်ကိုရီးယား-မြန်မာ ဆက်ဆံရေးတွင် စစ်လက်နက် ရောင်းဝယ်ရေးကိစ္စများနှင့် ဆက်နွယ်နိုင်သောကြောင့် မြန်မာအစိုးရဘက်ကို သတိပေး တားမြစ်မှုများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံကို ပထမဆုံး လာရောက်မည့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Mr.Ri Su-yong သည် ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးပြီး ကင်ဂျုံအန်း လက်ထက်တွင် လွန်ခဲ့သော ဧပြီလက နိုင်ငံခြားရေးဝန်ကြီး အဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

သြဂုတ်လ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ အာဆီယံဒေသတွင်း ဖိုရမ်နှင့် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးများကို နေပြည်တော်တွင် ကျင်းပသွားမည် ဖြစ်သည။်


SHARE THIS
Previous Post
Next Post