အသိသတိရှိရှိဖြင့် ချဉ်းကပ်ရမည့် ၂ဝ၁၅

်မိဘပြည်သူများခင်ဗျာ ၂ဝ၁၅ခုနှစ်ဟာ နိုင်ငံရေးဖြစ်စဉ်ရဲ့ အရေး ကြီးတဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာမယ့် နှစ်တစ်နှစ်လို့ ရှုမြင်သုံးသပ်ရမှာဖြစ်ပါတယ်” ဟုနိုင်ငံတော်သမ္မတဦးသိန်းစိန်က ၂ဝ၁၅ နှစ်သစ်၏ ပထမဆုံးရက်ပထမဆုံးမိန့်ခွန်းတွင် ထည့်သွင်းပြောကြား သွားခဲ့သည်။ ၂ဝ၁၅ခုနှစ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးဖြစ်စဉ် တစ်ရပ်လုံး၏ အရေးကြီးဆုံး အချိန်အပိုင်းအခြား တစ်နည်းအားဖြင့် မြန်မာ့နိုင်ငံရေး အနာဂတ်ကို အဆုံးအဖြတ်ပေးမည့်ကာလအဖြစ် မှတ်ယူသည်မှာ သမ္မတဦးသိန်းစိန်တစ်ဦးတည်း မဟုတ်ပါ။ ၅၁သန်းကျော်ရှိသည့် မြန်မာနိုင်ငံ သားအားလုံးပင်ဖြစ်သည်။ အဆိုပါကာလအပိုင်းအခြားသည် မြန်မာနိုင်ငံ၏အနာဂတ် သို့မဟုတ် သန်း၅ဝ ကျော်ပြည်သူများ၏အနာဂတ်ကို ကြီးမားသော ပြောင်းလဲမှုတစ်ခု၊ အဆုံးအဖြတ်တစ်ခုပေး မည့် အချိန်ကာလယန္တးရားအပိုင်းအခြားဖြစ် သည်။ ဆယ်စုနှစ်အတော်ကြာ စစ်အုပ်ချုပ် ရေးအောက်တွင် နေထိုင်ခဲ့ရသည့် ပြည်သူများအ တွက် ပထမဆုံးအကြိမ် နိုင်ငံရေးအင်အားစုပေါင်းစုံ၊ ပါတီစုံပါဝင် ယှဉ်ပြိုင်မည့် ၂ဝ၁၅အထွေထွေရွေး ကောက်ပွဲကျင်းပမည့် ကာလ၊ နှစ်ပေါင်း ၆ဝကြာမြန်မာ ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို ရပ်တန့်နေစေသည့် အသက်ပေါင်း များစွာပေးဆပ်ခဲ့ရ၍ ကလေးသူငယ်ပေါင်းများစွာ၏ အနာဂတ် များပျောက်ဆုံးစေခဲ့သည် ပြည်တွင်းစစ်အပြီးတိုင်ချုပ်ငြိမ်းမလားဟူ သည့် အဆုံးအဖြတ်ကာလတစ်ခုလည်းဖြစ်နေသည်။ သို့သော်မရေရာမသေချာမှုများရှိနေသေးသည်။ အဆိုးဘက်သို့ နောက်ကြောင်းပြန်လှည့်သွားနိုင်သလိုအကောင်းဘက်သို့ ကူးပြောင်းလို လျှင်လည်း ကူးပြောင်းနိုင်သောကာလဖြစ်သည်ဟု နိုင်ငံရေးကျွမ်းကျင်သူများ က ၂ဝ၁၅ခုနှစ်တွင်ဖြစ်ပေါ်လာနိုင်သော မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့် ပတ်သက်၍ သုံးသပ်ကြသည်။ ၂ဝ၁၅ခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲသည် တရားမျှတ၍ စစ်မှန်သောဒီမိုကရေစီစံနှုန်းနှင့်အညီကျင်းပမည့် ရွေးကောက်ပွဲဖြစ်လာမည် လားနှင့် နှစ်ပေါင်း ၆ဝကျော်ဖြစ်ပွားနေသည့် ပြည်တွင်းစစ် ၂ဝ၁၅တွင် အပြီးတိုင်ချုပ်ငြိမ်းမည်လားဟူသည့်မေးခွန်းအား မြန်မာနိုင်ငံရှိ မည့်သည့်နိုင်ငံ ရေးသမားမှ အာမခံဖြေဆိုနိုင်ခြင်းမရှိသေးသည်က ၄င်းတို့၏သုံးသပ်ချက်မှန် ကန်နေကြောင်း သက်သေပြနေသည်။ အဆိုပါမေးခွန်း၏အဖြေမှာ လက်ရှိအာဏာရရှိထားသည့် မြန်မာ့ နိုင်ငံရေးခေါင်းဆောင်များနှင့် အဆုံးအဖြတ်ပေးနိုင်သည့် အခန်းကဏ္ဍတွင်ရှိသည်ဟု မိမိကိုယ်ကိုယူဆထားသည့် နိုင်ငံရေးခေါင်းဆောင် အချို့ ပေါ်တွင်မူတည်နေသည်ဟု အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဥက္ကဋ္ဌဦးသိန်း ညွန့်ကယူဆသည်။ ''ဦးသိန်းစိန်ရဲ့ ပြည်ထောင်စုအစိုးရ၊ ဒီမို ကရေစီအင်အားစုလို့ အမည်တပ်ထားတဲ့ နိုင်ငံရေးပါတီတွေအားလုံး တိုင်းရင်းသားခေါင်းဆောင် တွေနဲ့ တိုင်းရင်းသားအင်အားစုတွေအားလုံးဟာ မိမိတို့ရဲ့ နိုင်ငံရေးမဟာ ဗျူဟာ၊ နည်းဗျူဟာကို ဘယ်လိုသဘောထားမလဲဆိုတဲ့အပေါ်မှာ မူ တည်တယ်။ အထူးသဖြင့် အဆုံးအဖြတ်ပေးနိုင်တဲ့ကဏ္ဍမှာ ရှိ တယ်လို့ ကိုယ့်ကိုယ်ကို ယူဆထားတဲ့ နိုင်ငံရေးခေါင်းဆောင် တွေအပေါ်မှာ၊ ဒီနေ့အာဏာရနေတဲ့ တာဝန်ရှိသူတွေအ ပေါ်မှာ အဓိကမူတယ်''ဟု ၄င်းကမြင်သည်။ အစိုးရအနေဖြင့် ၄င်းတို့၏ မဟာဗျူဟာနည်းဗျူဟာ ကို အမျိုးသားပြန်လည် သင့်မြတ်ရေး ဘောင်ထဲမှနေ ၍ဆွဲမည်လား ၂ဝ၁၅ ရွေးကောက်ပွဲကို သန့်သန့်ရှင်း ရှင်း ကျင်းပမည်လားဟူသည့် အချက်များသည် ၂ဝ၁၅ တွင် ဖြစ်ပေါ်လာမည့်နိုင်ငံရေးဖြစ်စဉ်များ အပေါ်သို့ သက်ရောက်မှုများ ရှိနေသည်။ ''အစိုးရနေနဲ့ အမျိုးသားပြန်လည်သင့် မြတ်ရေးကို အခြေမခံဘဲ သမ္မတဖြစ်ရေးကိုသာ အ လေးထားပြီး ဗျူဟာဆွဲမယ်ဆိုရင် လက်ရှိအာဏာရ ထားတဲ့သူကရော အာဏာကို ထိန်းမှာပဲ။ အာဏာမဲ့တဲ့ သူကရော အာဏာကို ရလာအောင်ကြိုးစားမှာပဲ။ ဒီတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပဋိပက္ခရော မဖြစ်သင့်မဖြစ်ထိုက်တဲ့ ပဋိပက္ခပါ တိုင်းပြည်က ရင်ဆိုင်ရဖို့ရှိတယ်'' ဦးသိန်းညွန့်က ပြောသည်။ ယခင်အစိုးရလက်ထက်တွင် ပြုလုပ်ခဲ့ သော စီမံကိန်းများ လူမသိသူ မသိချုပ်ဆိုခဲ့သော စီမံကိန်းစာချုပ်များကြောင့် ယနေ့ကြုံတွေ့နေရ သောပြဿနာများ ရှောင်လွဲမရနိုင်ဘဲ ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းရမည့်ပဋိပက္ခများဖြစ်ကာ တရား ဥပဒေဘောင်တွင်း အေးချမ်းစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများရှိသော်လည်း သပိတ်စုံ သူပုန်ထ ကာ အလုံးစုံ ပျက်သုဉ်းရေးဟူသည့် ကြွေးကြော် သံအား လက်ကိုင်ထားကာ အာဏာရရှိရေးအိပ် မက်ကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများသည် မဖြစ်သင့်မဖြစ်ထိုက်သော ပဋိပက္ခများဖြစ်ကြောင်း ၄င်း၏အမြင်ကို ပြောကြားသည်။ လွန်ခဲ့သော ၂ဝ၁၄ ခုနှစ် တစ်နှစ်တာလုံး တစ်အုံနွေးနွေးဖြင့် တစ်တိုင်းပြည်လုံး နေရာအနှံ့ ဖြစ်ပွားခဲ့သော ဘာသာရေး အဓိကရုဏ်းများ၊ လူ မျိုးရေးပဋိပက္ခများက ၄င်းဆိုလိုသည့် မဖြစ်သင့် မဖြစ်ထိုက်သော ပဋိပက္ခများကို ဖန်တီး၍ အာဏာ ရရှိရေး အိပ်မက်မက်နေသော သူအချို့ မြန်မာ့နိုင်ငံရေးလောကတွင် ရှိနေကြောင်း သက် သေပြလျက်ရှိသည်။ ထို့အပြင် အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည့် လေးပွင့်ဆိုင်တွေ့ဆုံမှုကို သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ်မှ လျစ်လျူရှုကာ ဘုံသဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့သော ဝေဖန်မှု များကြုံတွေ့ခဲ့ရသည့် ၁၄ ပွင့်ဆိုင်တွေ့ဆုံမှု ဖန်တီးခြင်း၊ တဖန်ခြောက်ပွင့်၊ ၁၂ ပွင့် စသည့် တွေ့ဆုံမှုအမျိုးမျိုးကို ပြုလုပ်ရန် ကြိုးပမ်းလာခြင်းကလည်း ၂ဝ၁၄ အကုန် ၂ဝ၁၅ နိုင်ငံရေးဖြစ်စဉ်များတွင် နိုင်ငံရေးခေါင်းဆောင် များအနေဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်း နည်းလမ်းအစား ထိပ်တိုက် ရင်ဆိုင်ခြင်း မူဝါဒကိုသာ လက်ကိုင်ကျင့်သုံးရန် ဆုံးဖြတ်လိုက်ပြီလားဟု သံသယဝင်စရာ ရှိနေသည်ဟု နိုင်ငံရေးပါတီတချို့ကဆိုသည်။ ''ထိပ်တိုက်ရင်ဆိုင်ခြင်းက ဒီနေ့ဆင်းရဲမွဲတေ နေတဲ့ ပြည်သူတွေနဲ့ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ တိုင်းပြည် အတွက် အပေါင်းလက္ခဏာပေးပါ့မလား စဉ်းစားရမယ်။ ထိပ်တိုက်ရင်ဆိုင်မှုကို နောက်တစ်ကြိမ်ပြန်သွားခြင်းအား ဖြင့် လက်ရှိ ပြည်သူတွေအထိနာပြီး နိုင်ငံတကာမှာကောင်း မွန်လာတဲ့ ကျွန်တော်တို့ပုံရိပ်ကို ကျွန်တော်တို့ပြန်ဖျက်ဆီး ပစ်ရာကျမလားဆိုတာ နိုင်ငံရေးခေါင်းဆောင်တွေမှာပဲ မူတည်တယ်''ဟု အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဥက္ကဋ္ဌ ဦးသိန်းညွန့်ကပြောသည်။ ၂ဝ၁၅ ခုနှစ်အစကတည်းပင် ကြီးမားသော နိုင်ငံရေးပြောင်းလဲမှု ဖြစ်စေမည့်အရာများက တည်ရှိနေ သည်။ အစိုးရအနေဖြင့် မျိုးစောင့် ဥပဒေဟုလူသိများသည့် ဥပဒေကြမ်းလေးခုကို လွှတ်တော်သို့တင်ရန်ရှိနေသည်။ ဥပဒေလေးခုကိစ္စမှာ အလွန်သိမ်မွေ့နက်နဲသည်။ ဘာသာ ရေးနှင့် သက်ဆိုင်သည့် ဥပဒေကြမ်းဖြစ်သည့်အပြင် အ ဆိုပါဥပဒေကိုအသုံးချကာ နိုင်ငံရေးဖြစ်စဉ်အပြောင်း အလဲပြုလုပ်လိုသူတချို့လည်း ရှိနေသည်။၂ဝ၁၄ခုနှစ် တွင်ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ အပြီးတွင် အတည်ပြုရန် ကြိုးစားလာသောဥပဒေဖြစ်၍ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ပြီးနောက်ပိုင်း ပေါ်ထွက် လာသော ဥပဒေဟုလည်းဆိုနိုင်သည်။ ယခုထက်တိုင် အဆိုပါဥပဒေကြမ်းနှင့်ပတ်သက်၍ အငြင်းပွားမှုများရှိ နေသေးသည်။ ထို့ပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးရန်မှာ သုံးလကျော်သာ အချိန်ရပြီး ၂ဝ၁၅ခုနှစ် ဧပြီလဆန်းအထိ လက်မှတ် မရေးထိုးနိုင်လျှင် ၂ဝ၁၅ခုနှစ်အတွင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရန် မှာ လွယ်ကူတော့မည်မဟုတ်ချေ။ ငြိမ်းချမ်းရေးဖော်ဆောင်ရန် အမှားအယွင်း မခံသည့်အချိန် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုပြန်လည် တည်ဆောက်နေချိန်တွင် ပြန်လည်ကြားလာရသော တိုက် ပွဲသတင်းများ၊ လိုင်ဇာဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခံရ သည့်ပြဿနာများက သမရိုးကျမဟုတ်ဘဲ အချိန်ကိုက်ဖြစ် ပေါ်လာသည့် ငြိမ်းချမ်းရေးဖြစ်စဉ်အား နှောင့်နှေးစေ မည့် အကြောင်းအရာများဖြစ်နေသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး ညှိနှိုင်းရေးအဖွဲ့တို့မှာလည်း လိုင်ဇာဗိုလ်သင်တန်း ကျောင်း ပစ်ခတ်ခံရပြီးနောက်ပိုင်း ဆွေးနွေးပွဲမကျင်းပ နိုင်သေးဘဲ လာမည့်ဇန်နဝါရီတွင် နှစ်ဖက်တရားဝင်တွေ့ ဆုံဆွေးနွေးရန် စီစဉ်ထားသည်။ ''ငြိမ်းချမ်းရေးနဲ့ စစ်တပ်က အများကြီးသက် ဆိုင်နေတယ်။ ငြိမ်းချမ်းရေးထက် ပိုပြီးနက်ရှိုင်းတာ ဒီမို ကရေစီဖက်ဒရယ်ရေးပေါ့။ ဖက်ဒရယ်ကလဲ ဖွဲ့စည်းပုံအ ခြေခံဥပဒေနဲ့ သက်ဆိုင်နေတယ်။ အဲဒီတော့ အားလုံးကို ချုပ်ကိုင်ထားတာ တပ်မတော်၊ တပ်မတော်ရဲ့သဘောထား က အတော်အရေးကြီးနေတယ်''ဟု ရန်ကုန်နိုင်ငံရေးသိပ္ပံ ကျောင်းအုပ်ဦးမြတ်သူက ဆိုသည်။ လက်ရှိအခြေအနေမှာ လွှတ်တော်က မည် သို့ပင် အတည်ပြုသည်ဖြစ်စေ တပ်မတော်က ဆန္ဒရှိမှ ပြောင်းလဲနိုင်သော အနေအထားဖြစ်ကာ တပ်မတော်အနေ ဖြင့် ဘုံချုပ်ကိုင်စနစ်အစား ပြည်သူများအား အာဏာခွဲ ဝေပေးခြင်း၊ တစ်ဦးတစ်ယောက်၏ ဆန္ဒအရေးမကြီးဘဲ အကုန်ပါဝင်နိုင်သည့် စနစ်မျိုးအား တပ်မတော်မှလက်ခံ ရန်လိုအပ်ကြောင်း ၄င်းကဆိုသည်။ မည်သို့ပင်ဆိုစေ လက်ရှိနိုင်ငံရေးအခြေအနေ အရ နိုင်ငံရေးအပြောင်းအလဲ ဖြစ်စေသည်အထိ ကြီးမား သော အခြေခံဥပဒေပုဒ်မများအား ပြင်ဆင်နိုင်ခြင်းရှိမည် မဟုတ်ဟု ၄င်းကယူဆသည်။ ထို့ပြင် ၂ဝ၁၅တွင်ကျင်းပမည့် ရွေးကောက်ပွဲ သည်လည်း ပြင်းထန်သော ပြိုင်ဆိုင်မှုများအကြားတွင် ပြုလုပ်ရဖွယ်ရှိပြီး မည်ကဲ့သို့ မရိုးမသားနှင့် ပြိုင်ဆိုင်မှုများ ပြုလုပ်လာမည်ကို စောင့်ကြည့်ရမည့် အနေအထားဖြစ် ကြောင်း ၄င်းက ထပ်မံပြောကြားသည်။ ''သန့်ရှင်းစွာ ရွေးကောက်ပွဲလုပ်မှာလား၊ ဘာ သာရေးတွေကိုရော အသုံးချဦးမှာလား၊ ဘာသာရေးတွေ ကို အသုံးချဦးမယ်ဆိုရင်တော့ ပြဿနာတွေ ရှိလာနိုင် တယ်၊ သွေးထွက်သံယိုတွေဖြစ်လာနိုင်တယ်။ ဒါတွေမဖြစ် အောင် ဘာသာရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ လူမှု ရေးနယ်ပယ်ကလူတွေ အားလုံးညီမှဖြစ်မယ်''ဟု ၄င်းက ဆိုသည်။ ပြီးခဲ့သော လေးနှစ်တာကာလနီးပါး အချိန် ကို သမင်လည်ပြန်ကြည့်ရှုမည်ဆိုပါက စာနယ်ဇင်းလွတ် လပ်ခွင့်၊ အရပ်ဘက်အဖွဲ့အစည်းများ တည်ထောင်ခွင့်၊ ပါတီများ မဲဆွယ်စည်းရုံးပိုင်ခွင့်စသည်တို့အား အထိုက် အလျောက် ဖြေလျှော့မှုများ လုပ်ပေးခဲ့သည်ကို တွေ့ရပြီး အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးမှုများပါ ပြုလုပ်ခဲ့ သည်ကိုတွေ့ရသည်။ ယင်းသို့ ပြုလုပ်မှုကြောင့်ပင် နှစ် ရှည်ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား များ လွတ်မြောက်လာခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ လွှတ်တော်ထဲ ဝင်ရောက်သွား ခဲ့သည်။ ယင်းနောက်ပိုင်း တစ်နှစ်လောက်အထိ ပြုပြင် ပြောင်းလဲရေးဂယက်မှာ ဆက်လက်မြင့်တက်နေသယောင် ရှိသော်လည်း ၂ဝ၁၃နှစ်ကုန်ပိုင်းမှစတင်ပြီး ပြောင်းလဲရေး မှာ ရှေ့ဆက်ရန် အခက်အခဲရှိသည့် အနေအထားရောက် လာသည်ဟု လေ့လာသူများက အခိုင်အမာထောက်ပြ ပြောဆိုကြသည်။ ယင်းနောက်ပိုင်းတွင် အတိုက်အခံ ခေါင်းဆောင်နှင့် ဆွေးနွေးမှုများ မလုပ်တော့သလို ဖွဲ့ စည်းပုံပြင်ဆင်ရေးအတွက် လှုပ်ရှားမှုများ၊ တပ်မတော် ကို အတိုက်အခံမှ စိန်ခေါ်မှုများစသည်တို့ ပေါ်ထွက် လာခဲ့သည်။ တစ်ဖက်တွင်လည်း အဓိကရုဏ်းများအား အကြိမ်းဖက်နှိမ်နင်းခြင်း၊ သတင်းစာဆရာများအား ဖမ်း ဆီးထောင်ချခြင်းအပါအဝင် အခြေခံဥပဒေပြင်ဆင်ရန် ခက်ခဲနေခြင်းများသည် အခြေခံ အာဏာခွဲဝေမှုစနစ်အား ယခင်တပ်မတော်အစိုးရလက်ထက်မှ အမူအကျင့်များကို တချို့နေရာများတွင် ပြန်လည်ကျင့်သုံးလာခဲ့သည်ဟု ဆို ကြသည်။ ''နိုင်ငံရေးစနစ်ရဲ့ မြင်သာတဲ့ နိစ္စဓူဝလုပ်ငန်း Function တွေမှာ လွတ်လပ်ခွင့်တွေ ချဲ့ထွင်လာပေမယ့် structure ခေါ်တဲ့ အခြေခံအာဏာအဆောက်အအုံမှာ ပြောင်းလဲမှုမရှိတဲ့အခါ အဲဒီနှစ်ခုအကြား ဝိရောဓိဖြစ် တတ်ပါတယ်။ ဒီအခြေအနေမျိုးမှာ တည်ငြိမ်တဲ့ နိုင်ငံ ရေးဟန်ချက်၊ ချိန်ခွင်လျှာ Political Equilibrium ကို ထိန်းနိုင်ဖို့မလွယ်ပါဘူး။ အဲဒီအခြေအနေမျိုး၊ ဒီနိုင်ငံ မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်ဖက်စောင်းနင်း ဓနဥစ္စာခွဲဝေမှုတွေနဲ့ ကျားကန်ထားတဲ့ အခြေခံအာဏာ အဆောက်အအုံကို အုပ်စိုးသူတွေကမပြောင်းချင်တာ၊ ဒါမှမဟုတ် ပြောင်းချင်တဲ့ပမာဏ Scope နဲ့ အရှိန်အဟုန် pace/speed တွေက နှေးကွေးနေတာတွေ ဖြစ်တတ်တယ်။ ဒီတော့ Functione နဲ့ Structure သဟဇာတမဖြစ်တဲ့အခါ၊ အဆောက်အအုံကိုလဲ မပြောင်းနိုင်တဲ့အခါ ဖွင့်ထားတဲ့ Function တချို့ကို ပြန်တင်းကြပ်တာ တွေ့ရတယ်'' ဟု နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးဖြစ်ပြီး အမေရိကန် နိုင်ငံ ဘာကလေတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့သင် တန်းကို တက်ရောက်နေသူ ကိုမင်းဇင်ကသုံးသပ်သည်။ အုပ်ချုပ်သူအနေဖြင့် အခြေခံအာဏာအ ဆောက်အအုံကို မပြောင်းလိုသည့် အခါတွင် ဖွင့်ထား သောတံခါးများ Function များကို ပြန်တင်းကြပ်လေ့ရှိ ကြောင်း ၄င်းကပြောသည်။ ဖြေလျှော့မှုတွေ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေ၊ ငြိမ်းချမ်းရေးတွေ၊ စားဝတ်နေ ရေး စီးပွားရေးဖွံဖြိုးမှုတွေထက်ကို အရေးတကြီး ဦးစား ပေးရမယ့် ကိစ္စရှိတစ်ခုအားဖော်ထုတ်ကာ ပြည်သူများ အား အာရုံလွဲမှားစေရန်ပြုလုပ်လေ့ရှိကြောင်း ၄င်းကထပ်မံ ပြောကြားသည်။ ''အဲဒါကတော့ အမျိုးဘာသာသာသနာကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးပဲ ဆို တဲ့ အမြင်မျိုး အားကောင်းအောင် လှုံ့ဆော်လာတာပါ။ ချုပ်ပြောရင်နှစ်ချက်ပေါ့။ (၁) ဖြေလျှော့မှုတွေပြန်ကျပ်လာ တယ်။ (၂) ဒီမိုကရေစီရေးအပြင် တခြားဦးစားပေးသင့်တာ ရှိတယ်ဆိုတဲ့အမြင်နဲ့ လှုပ်ရှားမှုတွေ အရှိန်ယူလာတယ်။ ဒီနှစ်ချက်ဟာ နိုင်ငံရေးအရထွက် ပေါက်ပိတ်နေတဲ့အခြေ အနေ Political Breakthrough မရှိတဲ့အခြေအနေမျိုး တွေမှာ လုပ်လေ့ရှိပါတယ်။ ၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲဆို တဲ့ အရှုံး၊အနိုင် အဆုံးအဖြတ်ခံရမယ့်အခြေအနေ နီးလာ ပြီဆိုတဲ့ စိုးရိမ်မှုတွေကို နောက်ခံထားပြီး ဖြစ်လာတာဆို တော့ ဒါကိုပဲ လေ့လာသူတွေကို ပြုပြင်ပြောင်းလဲရေးရပ် သွားတယ်။ နောက်ပြန်ဆုတ်တယ်စသဖြင့် အမျိုးမျိုးခေါ် ဝေါ်ကြတာ''ဟု ကိုမင်းဇင်ကပြောသည်။ ''အာဏာပြန်သိမ်းရတာတွေ ကျွန်တော်တို့ မလိုချင်တော့ဘူး။ စစ်တပ်က စစ်တပ်မှာ သူဘာသာနေ တာပဲ။ တည်ငြိမ်အေးချမ်းနေသမျှ စစ်တပ်က အာဏာ သိမ်းစရာမလိုဘူး။ သူ့နေရာသူနေမှာပဲ၊ မတည်ငြိမ်မအေး ချမ်းလာရင် စစ်တပ်က အာဏာသိမ်းမှာပဲ။ အဲဒါ ကျွန် တော်တို့ တည်ငြိမ်အေးချမ်းမှုအတွက်ပဲလုပ်ရမယ်။ ဖွံ့ ဖြိုးတိုးတက်မှသာလျှင် ဆူပူမှုမဖြစ်ဘူး။ ဆူဆူပူပူဖြစ်လာ ရင် အာဏာပြန်သိမ်းမယ်''ဟု မြန်မာ့နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွင် မျှတမှုရှိစေရန် အက္ခရာကျသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးမှလည်း ၂ဝ၁၄ ခုနှစ်ကုန်ခါနီးတွင် ပြောဆိုခဲ့ဖူးသည်။ မည်သို့ဆိုစေ လက်ရှိအချိန်တွင် ၂ဝ၁၅ သို့ ရောက်ရှိပြီဖြစ်သည်။ မြန်မာ့နိုင်ငံရေးအနာဂတ်ကို အ ဆုံးအဖြတ်ပေးမည့်အချိန်များလည်း နာရီလက်တံများ နှင့်အတူ တဖြည်းဖြည်းရွှေ့လျားလာနေပြီဖြစ်သည်။ လက် ရှိ အာဏာရရှိထားသူများ၊ နိုင်ငံရေးခေါင်းဆောင်များအ နေဖြင့်လည်း ဖြစ်သင့်ဖြစ်ထိုက်၍ ဖြစ်လာသောပဋိပက္ခများ ကို အမြန်ဆုံးဖြေရှင်းပေးရန် လိုအပ်ပြီး တစ်ချိန်တည်းမှာ ပင် မဖြစ်သင့်မဖြစ်ထိုက်သော ပဋိပက္ခများ မဖြစ်ပွားရန် နှင့် မဖန်တီးရန်လည်း လိုအပ်ပေသည်။ မိမိမျက်နှာ၊ မိမိ မိသားစုမျက်နှာနှင့်အတူ ၅၁ သန်းကျော်သော ပြည်သူများ အနက် ၉ဝ ရာခိုင်နှုန်းသော ဆင်းရဲမွဲတေမှုဒဏ်ခံစားနေရ သည့် ပြည်သူများ၏ မျက်နှာကိုလည်း ကြည့်ရန်လိုပေ မည်။ ပြည်သူများအနေဖြင့်လည်း ၂ဝ၁၅ တွင်ကြုံတွေ့ လာရမည့် နိုင်ငံရေးပြောင်းလဲမှု ရေစီးကြောင်း ရေဆန် သို့ ပြန်လည်မစီးစေရန် အသိ၊သတိရှိရှိဖြင့် ချဉ်းကပ်နိုင် ရန် လိုအပ်ပေသည်။ TheFlowerNews
Posted via Blogaway

SHARE THIS
Previous Post
Next Post