ရခိုင်​ပြည်​နယ်​အတွင်း ​အောင်​ချက်​အ​ကောင်းဆုံးမြို့ အဖြစ်​ မင်းပြားက ၄ နှစ်​ဆက်​တိုက်​ ရပ်​တည်

(​ဇွန်​ ၇ ၊ ၂၀၁၅ - ​လေးမြို့  သတင်း)

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန် ၆ ရက် နံနက်ပိုင်းတွင် နိုင်ငံတစ်ဝန်းလုံးရှိ စာစစ်ဌာနရှိသော ကျောင်းအားလုံးတွင် ထုတ်ပြန်ကြေငြာပေးခဲ့ရာ ရခိုင်ပြည်နယ်အတွင်း မြို့နယ်များရှိ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့စာစစ်ဌာနကျောင်းများအလိုက် အောင်စာရင်းများ ကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်း ရခိုင်ပြည်နယ်အတွင်း မြို့နယ်များတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၉၄၈၀)ဦး ၀င်ရောက်ဖြေဆိုခဲ့ရာ (၆၈၁၉)ဦး အောင်မြင်ခဲ့ပြီး ရခိုင်ပြည်နယ်တစ်ခုလုံး၏ အောင်ချက်ရာခိုင်နှုန်းမှာ (၂၃ ဒသမ ၁၃)ဖြစ်သည်။ အဆိုပါ အောင်မြင်ခဲ့သည့် (၆၈၁၉)ဦးအနက်မှ (၆)ဘာသာ ဂုဏ်ထူးရှင် (၁၈)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၁၄)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၈၈)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၈၅)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၅၉၉)ဦး စုစုပေါင်း ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ (၉၄၇)ဦးဖြစ်ပြီး ယခင်နှစ်က ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်းမှာ (၁၈ ဒသ မ ၁၃) ရာခိုင်နှုန်းဖြစ်ပြီး ယခုနှစ်တွင် (၂၃ ဒသမ ၁၃) ရာခိုင်နှုန်းဖြစ်သဖြင့် အောင်ချက်ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရ သည်။

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း တိုးတက်လာမှုနှင့်ပတ်သက်၍ ပြည်နယ်ပညာ ရေးညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက ``ရခိုင်ပြည်နယ်မှာ ၂၀၁၃၊ ၂၀၁၄ ခုနှစ်တွေမှာ အောင်ချက်ရာခိုင်နှုန်း ကျနေ တာကနေ ယခုနှစ် ၂၀၁၅ ခုနှစ်မှာ အောင်ချက်ရာခိုင်နှုန်းမြင့်မားလာဖို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည် နယ်ပညာရေးတို့ရဲ့ ပူးပေါင်းပံ့ပိုး ကြိုးစားဆောင်ရွက်ခဲ့တဲ့အတွက် အခုလို အောင်ချက်ရာခိုင်နှုန်း တိုးတက်လာတာ ဖြစ်ပါတယ်´´ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်များ၌ မင်းပြားမြို့နယ်သည် အောင်ချက်ရာခိုင်နှုန်း (၃၂ ဒသမ ၂၂)ဖြင့် ပထမ၊ သံတွဲမြို့နယ်သည် (၃၀ ဒသမ ၁၁)ဖြင့် ဒုတိယ၊ စစ်တွေမြို့ နယ်သည် (၂၈ ဒသမ ၄၁)ဖြင့် တတိယ အဆင့်တို့တွင်ရှိပြီး အောင်ချက်အကောင်းဆုံးကျောင်းများမှာ သံတွဲမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းမှ ပထမ၊ စစ်တွေမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဒုတိယ၊ စစ်တွေမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ တတိယအဆင့်တို့တွင်ရှိကြောင်း သတင်းရရှိ သည်။



SHARE THIS
Previous Post
Next Post