ရခိုင်မျိုးချစ်ပါတီ စစ်တွေတွင်ရုံးဖွင့်ပွဲ ပြုလုပ်

ရခိုင်မျိုးချစ်ပါတီ ( Arakan Patriotic Party) ၏ ပါတီရုံးဖွဲ့ပွဲနှင့် ပါတီအောင်လံ လွှင့်ထူပွဲ အခမ်းအနားကို စစ်တွေမြို့တွင် ဇူလှိုင်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည်။

ပါတီရုံးစိုက်ရာ အမှတ် ၇၄ ဦးဥတ္တမလမ်း၊ ကျောင်းတက်လမ်းရပ်ကွက် စစ်တွေမြို့တွင် ပြုလုပ်ခဲ့ပြီး ပါတီ ပထမခေါင်းဆောင် ဦးမောင်မောင်စောက ယခုလို မိန်းခွန်း ပြောကြားသည်။

“ကျွန်တော်တို့ပါတီရဲ့ မူဝါဒအတွက် ဂျပန်နဲ့ တရုတ်တို့ရဲ့ model တွေကိုလေ့လာကြည့်တော့ဂျပန်နိုင်ငံဟာ ပြာပုံဘ၀ကနေတည်ဆောက်ခဲ့တော့ ကျွန်တော်တို့လည်း ချွတ်ခြုံကျနေတာက တည်ဆောက်ရမယ် ဆိုတော့ ဆင်တူပါတယ်။ ဂျပန်နိုင်ငံဟာ ပညာရေးကို အခြေခံပြီး တည်ဆောက်ခဲ့ပါတယ်။ မျိုးဆက်သစ်လူငယ်တွေကို နိုင်ငံခြားသို့ ပညာ သင်လွှတ်ရေးက ကျွန်တော်တို့ပါတီရဲ့ အဓိက ဦးစားပေးမူဝါဒဖြစ်ပါတယ်”ဟု ဦးမောင်မောင်စောက ပြောသည်။

လွှတ်တော်၌ လမ်း၊ တံတား၊ ကျောင်း ဆောက်လုပ်ပေးရန် တောင်းဆိုခြင်း များသည် နိုင်ငံရေးမဟုတ်ကြောင်း၊ သူတို့ပါတီက နိုင်ငံရေးကိုသာ လုပ်သွားမည်ဟု ပြောကြားသည်။

နိုင်ငံတစ်ခု၊ ဒေသတစ်ခု တိုးတက်ရန် အတွက် အခြေခံအဆောက်အဦဖြစ်သည့် လမ်း၊ တံတား၊ ရေ၊ မီး ရရှိ ကောင်းမွန်ရေးသည် အဓိကကျသဖြင့် ယင်းအလုပ်ကို နိုင်ငံရေးမဟုတ်ဟု ဆိုလျှင် မည်သည့် အလုပ်ကို နိုင်ငံရေးဟု အဓိပ္ပါယ်ဖွင့်ပါသလဲဟု နိရဉ္စရာသတင်းဌာနက မေးမြန်းရာ ဦးမောင်မောင်စောက ယခုလို ဖြေကြားသည်။

“နိုင်ငံရေးဆိုတာ တိုင်းပြည်တည်ဆောက်ရေးအတွက် မူဝါဒ လမ်းစဉ် စီမံကိန်းတွေ ချမှတ် လုပ်ဆောင် တာတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ မိမိတို့ ဆိုလိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုတဲ့ နိုင်ငံရေးဆိုတာကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် စီမံကိန်းတွေ ချမှတ်ပြီးတော့ လုပ်ဆောင်တဲ့ အလုပ်တွေကို နိုင်ငံရေးလို့ အဓိပ္ပာယ် ဖွင့်ဆိုပါတယ်”ဟု ပြောသည်။

မိမိတို့ပါတီသည် ရခိုင်အမျိုးသားပါတီနှင့်သာမက ရခိုင်ပြည်တွင်ရှိနေသည့် ရခိုင်ပြည်အကျိုးကို လိုလားပြီး ထူထောင်ထားသည့် မည်သည့် ပါတီကိုပင်မဆို မဟာမိတ်အဖြစ် လက်တွဲဖို့ အဆင်သင့်ပါဟု သူကပြောသည်။

ရခိုင်မျိုးချစ်ပါတီအနေဖြင့် အမတ်ဖြစ်လျှင် ၁၀ သိန်းရရေး၊ ကန်ထရိုက်ရရေးတို့ဘက်ကို ဦးတည် လုပ်ဆောင်လာပါက မညှာမတာဘဲ ဝေဖန်ထောက်ပြသွားမည်ဖြစ်ကြောင်း ဦးအေးကျော်က ပြောဆိုသည်။

“ရခိုင်မျိုးချစ်ပါတီလို့ ပေါ်ပေါက်လာပြီးရခိုင်အတွက် လုပ်မယ်ဆိုရင်တော့ ကြိုဆိုပါတယ်။ ပါတီစည်းလုံး ညီညွတ်ရေးကို တည်ဆောက်ဖို့လိုပါတယ်။ ပါတီနိုင်ငံရေးလုပ်တယ်ဆိုတာ ကိုယ်ကျိုးစွန့်လွှတ်ဖို့ လိုအပ်တယ်”ဟု စာရေးဆရာ စစ်တွေ သိန်းနောင်က ထောက်ပြ ပြောဆိုသည်။

ယင်းဖွင့်ပွဲအခမ်းအနားသို့ နယ်ပယ် အသီးသီးမှ လူပေါင်း ၈၀ ကျော်တက်ရောက်ခဲ့သည်။

From-Narinjara
www.laymro.com 



SHARE THIS
Previous Post
Next Post