ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း (၂၃၁) နှစ်မြောက် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် သံဃာတော်များအား ဆွမ်းကပ် လှူဒါန်းပြီး အဖရခိုင်ပြည်အတွက် အသက်၊ သွေး၊ ချွေး ပေးဆပ်သွားခဲ့ကြသည့် ရခိုင်ပြည်သူ/သားတို့အား ရေစက်ချ၊ အမျှပေးဝေသည့် အခမ်းအနားကို (၃၁-၁၂-၂၀၁၅) ယနေ့ နံနက် (၆း၀၀) နာရီအချိန်ခန့်က မင်းပြားမြို့ မြို့နယ်ဓမ္မာရုံအတွင်း ပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။
အစီအစဉ်အရ ပင့်ဖိတ်ထားသည့် သံဃာတော် (၁၂)ပါးအား ဆွမ်းကပ်လှူဒါန်းကာ တက်ရောက်လာသည့် လူပုဂ္ဂိုလ် (၅၀)ခန့်အား နံနက်စာဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
၎င်းနောက် မင်းပြားမြို့နယ် ဆင်ကြီးပြင် ကျောင်းဟောင်း ဆရာတော် ဘဒ္ဒန္တ ညေယ ထံမှ ငါးပါးသီလခံယူပြီး သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များကို ရွတ်ဖတ်ကာ အဖရခိုင်ပြည်အတွက် အသက်၊ သွေး၊ ချွေး ရင်းကာ ပေးဆပ်သွားခဲ့ကြသည့် ရခိုင်ပြည်သူ/သားများအား ရေစက်ချ အမျှပေးဝေခဲ့ကြသည်ဟု သိရသည်။
" ကျွန်တော်တို့ဦးဆောင်လုပ်တာ ဒီနှစ်ဆိုရင် ၄ နှစ်မြောက်ပါ။ ဟိုးအရင်အချိန်က ဒီလိုလုပ်ခွင့် မရှိခဲ့ဘူး။ အခုတော့ ပွင့်လင်းမြင်သာစွာ လုပ်ပိုင်ခွင့်တွေ ရရှိလာတဲ့အတွက် လုပ်ဖြစ်တာပါ။ လုပ်ရတဲ့ရည်ရွယ်ချက်က ၁၇၈၄ ခုနှစ်မှာ ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးသွားခဲ့တယ်။ အဲဒီအချိန်မှာ ရခိုင်ပြည်က ရဟန်း ရှင် လူ ပြည်သူအများ အသက်ပေါင်း မြောက်များစွာ စတေးခံခဲ့ရတယ်။ အဲဒီအတွက် သူတို့ကို ရည်စူးပြီး ဆွမ်းကပ် ရေစက်ချ အမျှပေးဝေတာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ၁၇၈၄ ခုနှစ်က ဒီလို ဖြစ်ပျက်ခဲ့ပါလား ဆိုတာကို နောင်လာနောင်သားတွေက မမေ့မလျော့ အမှတ်ရနေအောင် ဒီလို လုပ်ရတာ ဖြစ်ပါတယ် " ဟု ဦးစီးဦးဆောင် ပြုလုပ်သူ ဦးသိန်းစံက ပြောသည်။
၎င်းအပြင် ယနေ့ ညည့် (၈:၀၀) နာရီ အချိန်တွင်လည်း မင်းပြားမြို့၊ မြို့နယ်ဓမ္မာရုံအတွင်း စုပေါင်း မီးထွန်းပူဇော် ဆုတောင်းပွဲ ပြုလုပ်မည်ဖြစ်ပြီး မင်းပြားတစ်မြို့လုံးရှိ နေအိမ်တိုင်း အိမ်ရှေ့၌လည်း ယနေ့ ညည့် (၈:၀၀)နာရီအချိန်တွင် မီးထွန်းဆုတောင်းကြမည်ဟု သိရပါသည်။
မင်းပြား - သတင်း
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)