မင်းပြား၌ ယခုနှစ် နွေရာသီ သောက်သုံးရေ ရှားပါးလာပါက ရေဖြန့်ဝေရေး ကော်မတီများ ဖွဲ့စည်းပြီး ရေဖြန့်ဝေပေးနိုင်ရန် စီစဉ်နေဟုဆို

မင်းပြား (Feb 23, 2016)

ရခိုင်ပြည်နယ်​၊ မင်းပြားမြို့နယ်၌ ယခုနှစ် နွေရာသီ သောက်သုံးရေ ရှားပါးလာပါက ရေဖြန့်ဝေရေး ကော်မတီများဖွဲ့စည်းပြီး ပြည်သူများအား သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရန် ယခုကပင် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့ပေါ်ရှိ ရပ်ကွက် (၈)ရပ်ကွက်အတွက် ဂါလံ (၁၀၀၀)ဆန့် ရေစုကန် (၃၂)ကန်ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ ပြုလုပ်ပေးမည်ဖြစ်ပြီး ရေဖြန့်ဝေရေး ကော်မတီများဖွဲ့စည်းကာ မြောင်းရှည်ဆည်မှ ရေကို မော်တော်ကားများဖြင့် တင်ဆောင်ယူ၍ မြို့ပေါ်ရှိ ရေစုကန်များသို့ ဖြည့်သွင်းကာ ရပ်ကွက် ရေဖြန့်ဝေရေး ကော်မတီများမှ ဦးဆောင်ပြီး စနစ်တကျ ရေဖြန့်ဝေပေးနိုင်ရန် စီစဉ်နေကြောင်း မင်းပြားမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်းကဆိုသည်။

" ဒီ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနဲ့ ရခိုင် (၁၇) မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌများ တွေ့ဆုံဆွေးနွေးပွဲမှာ ကျွန်တော်တို့ မင်းပြားမြို့နယ်ရဲ့ ဒီနှစ်နွေရာသီ သောက်သုံးရေ ရှားပါးလာခဲ့ရင် ရေဖြန့်ဝေ ဆောင်ရွက်ပေးနိုင်ဖို့ အတွက် အဆိုပြု တင်ပြခဲ့ပြီး လမ်းညွှန်မှု ခံယူခဲ့ပါတယ်။ အဲဒီမှာ စည်ပင်ဝန်ကြီးက ကျွန်တော်တို့ မင်းပြားမြို့ မြို့ပေါ် (၈) ရပ်ကွက် အတွက် ဂါလံ (၁၀၀၀)ဆန့် ရေစုကန် အုတ်ကန် (၃၂) ကန်ကို ပြည်နယ်စည်ပင်ရံပုံငွေနဲ့ တည်ဆောက်ပေးမယ် ဆိုပြီး ခွင့်ပြုပေးခဲ့ပါတယ်။ ဒါကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ " ဟု မင်းပြားမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်းက ပြောသည်။

သူက ဆက်လက်ပြီး " ဒီနှစ် နွေရာသီ သောက်သုံးရေ ရှားပါးလာတဲ့ခါ မြို့ပေါ်ကို ရေဖြန့်ဝေပေးနိုင်ဖို့အတွက် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၊ စည်ပင်ကော်မတီ၊ အထောက်အကူပြု ကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်သူ/သားများ ပါဝင်တဲ့ မြို့နယ်/ရပ်ကွက်အလိုက် ရေဖြန့်ဝေရေး ကော်မတီတွေဖွဲ့စည်းမယ်။ အဲဒီ ရပ်ကွက်ကော်မတီတွေကတဆင့် မြို့နယ်ကော်မတီနဲ့လက်တွဲပြီး ရေရှားပါးမှု ပြဿနာကို ဖြေရှင်းသွားပါမယ်။ မင်းပြားမြို့နယ် ငစရိုင်းချောင်းကျွန်းမှာ တည်ရှိတဲ့ မြောင်းရှည်ဆည်က ရေကို တေဘာကားတွေနဲ့ သယ်ယူပါမယ်။ ပြီးတော့ ရပ်ကွက် ရေစုကန်တွေဆီ ထည့်ပေးမယ်။ ဒီတော့ ရပ်ကွက်/သားတွေအနေနဲ့ ရေဖြန့်ဝေပေးတဲ့အခါ ကျွန်တော်တို့ ကော်မတီတွေနဲ့ ပူးပေါင်းပါဝင်စေချင်ပါတယ်။ ပြည်သူတွေပါလာမှလည်း ကျွန်တော်တို့မြို့ရဲ့ သောက်သုံးရေ ရှားပါးမှု အခက်အခဲကို ကျွန်တော်တို့ လက်တွဲပြီး ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ " ဟုဆိုသည်။

မင်းပြားမြို့နယ်သည် လွန်ခဲ့နှစ်ကစ၍ သောက်သုံးရေ အလွန်ရှားပါးခဲ့ကာ အနီးအနား မြို့နယ်များမှပင် သောက်သုံးရေများ ကူညီပေးခဲ့ရသည်။ မနှစ်က နွေရာသီ သောက်သုံးရေ အခက်အခဲကြောင့် မင်းပြားမြို့နယ်အတွက် ရေအခက်အခဲကို ဖြေရှင်းနိုင်ရန် ယင်းအချိန်အခါက ရခိုင်ပြည်ဝန်ကြီးချုပ် ဦးမောင်မောင်အုံး က ငွေကျပ် သိန်း ၃၀၀ (လက်ငင်း ကျပ်သိန်း ၁၅၀ ပေးအပ်ခဲ့) ပေးခဲ့ပြီး ရေဖြန့်ဝေ ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း အဆိုပါ လက်ကျန် ငွေကိစ္စကို မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်သွားမည် ဆိုသည်ကို သက်ဆိုင်ရာ ကော်မတီများနှင့် မကြာခင် တင်ပြ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးခင်ဇော်ဝင်းက ပြောသည်။

မင်းပြားမြို့နယ်ရှိ ကျေးရွာများ သောက်သုံးရေ အခက်အခဲကိုမူ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ ကူညီဆောင်ရွက်သွားမည်ဟု သိရသည်။ ယခုနှစ် နွေရာသီ အယ်လ်နီညို (El Nino Effect) သက်ရောက်မှုကြောင့် ရေရှားပါးမှု ကြုံလာနိုင်ဖွယ်ရှိရာ ကျေးရွာများ၏ သောက်သုံးရေ အခက်အခဲကို ဖြေရှင်းရန် မင်းပြားမြို့နယ် ကျေးလက်ဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာနသို့ အဆင့်ဆင့် တင်ပြတောင်းခံထားကြောင်း သိရသည်။

" ကျေးရွာတွေ ဒီနှစ် နွေရာသီ သောက်သုံးရေ အခက်အခဲကို ကူညီဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ မြို့နယ်ကျေးလက်ဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်သွားနိုင်ဖို့ အတွက် အသေးစိတ်တွက်ချက်ပြီး အဆိုပြု တင်ပြထားပါတယ်။ ရေရှားပါးတဲ့ ရွာတွေကို ကျွန်တော်တို့ နည်း (၃)နည်းနဲ့ ကူညီသွားပါမယ်။ စက်ရေတွင်း တူးပေးမယ်၊ နောက် လက်တူးအဝီစိရေတွင်း တူးပေးမယ်။ နောက်ဆုံး ဘာရေတွင်းမှ တူးလို့ အဆင်မပြေနိုင်တဲ့ ကျေးရွာတွေအတွက် မြောင်းရှည်ဆည်က ရေကို မော်တော်ဘုတ်တွေ စက်လှေတွေနဲ့ သယ်ယူပြီးတော့ ပို့ပေးမယ် ဆိုပြီး စီစဉ်ထားပါတယ်။ အခုက အဆိုပြု တင်ပြထားတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ ခွင့်ပြုချက်က သိပ်မကြာခင် ကျလာမှာ သေချာပါတယ်။ တင်ပြထားတဲ့အတိုင်း အားလုံးခွင့်ခဲ့ပြုရင် ကျွန်တော်တို့ မြို့နယ် ကျေးရွာတွေအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနမှာ ဝန်ထမ်းစုစုပေါင်းက (၁၃) ယောက် တည်း ရှိတော့ မင်းပြားတစ်မြို့နယ်လုံး ကျေးရွာတွေရဲ့ သောက်သုံးရေအခက်အခဲကို ကူညီဖြေရှင်းတဲ့အခါ လူအင်အား လိုအပ်ပါတယ်။ ဒါကြောင့် ကျေးရွာသူ/သားတွေအနေနဲ့ တတ်နိုင်သလောက် ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်စေချင်ပါတယ်။ " ဟုမင်းပြားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းစိုးဦး ကပြောသည်။

မင်းပြားမြို့နယ်သည် လွန်ခဲ့သည့်နှစ် နွေရာသီတွင် မကြုံစဖူး သောက်သုံးရေ ရှားပါးခဲ့ပြီး မင်းပြားမြို့ပေါ် လူထုတစ်ရပ်လုံး သောက်ရေ အားထားရသည့် " မင်းကန် " သောက်ရေကန်ကြီးမှာလည်း ရေခမ်းခြောက်ခဲ့ရာ ပြန်လည် တူးဖော်ခဲ့သည့်အတွက် ယခုအခါ "မင်းကန်"မှ ရေမှာ သောက်၍ မရလောက်အောင် ဖြစ်သွားနေခဲ့ရာ မင်းပြားမြို့ပေါ်ရှိ ပြည်သူများမှာ ရေရှိသော်လည်း သောက်ရေငတ်ရမည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

မင်းပြားမြို့ပေါ်အပါအဝင် ကျေးလက်ဒေသ ရွာအားလုံးလိုလို၌ ၂၀၁၅ ဇူလိုင်၊ သြဂုတ် ထူးကဲဒီရေလွှမ်းမိုးခံရခြင်းကြောင့် သောက်သုံးရေကန်များသို့ ရေဆိုးရေညစ်များ ဝင်ရောက်ခဲ့ရာ အဆိုပါရေများကို ပြန်စုတ်ထုတ်ခြင်း၊ မြစ်ချောင်း ရေများကို ပြန်လည်ဖြည့်သွင်းခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့သော်လည်း ယခု နွေရာသီသို့ မကူးပြောင်းသေးမီမှာပင် မင်းပြားမြို့နယ်ရှိ ရေကန်အချို့မှာ ရေခန်းခြောက်နေပြီ ဖြစ်သည်။

From - မင်းပြား - သတင်း

SHARE THIS
Previous Post
Next Post