
မြန်မာနိုင်ငံ၏အနောက်ဘက်ခြမ်းတစ်လျှောက်ဖွံ့ဖြိုးတိုးတက်ရေး
ဖော်ဆောင်မှုတွင် အဓိကကျလာမည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူး
စီးပွားရေးဇုန်တွင် နိုင်ငံတကာ ဧည့်သည်များအတွက် လိုအပ်သော ဟိုတယ်ဇုန်ကြီး
တစ်ခုကို ထူထောင်သွားရန် ရှိနေကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း
ဝန်ကြီးဌာနမှ ၇-၂-၂၀၁၃ ရက်က သတင်းရရှိသည်။ ကျောက်ဖြူ
အထူးစီးပွားရေးဇုန်ကို တရုတ်နိုင်ငံနှင့် မြန်မာမှ လုပ်ငန်းရှင်
အချို့တို့က အကျိုးတူ ပူးပေါင်း ဖော်ဆောင်ကြမည် ဖြစ်ပြီး စီမံကိန်း စတင်
အကောင်အထည် ဖော်မှုကို ယခုနှစ်မကုန်မီ စတင်နိုင်မည်ဖြစ်ကာ သီလဝါ၊
ထားဝယ်တို့နှင့် တစ်ပြိုင်နက်နီးပါး အကောင်အထည် ပေါ်လာရန် ရှိနေသည်ဟု
သိရသည်။ “ကျောက်ဖြူမှာ အထူး စီးပွားရေးဇုန်ကြီးနဲ့ တွဲဖက်ပြီး
ဟိုတယ်ဇုန်ကြီးတစ်ခု ထူထောင်သွားဖို့ ရှိတယ်။ ကုမ္ပဏီတွေကိုတော့ စပြီး
ဖိတ်ခေါ်ဖို့ ပြင်နေတုန်းပါပဲ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း
ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ဟိုတယ်ဇုန် ဖော်ဆောင်ရန် သတ်မှတ်ထားမှုများအရ
ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ ဟံသာဝတီ၊ အင်းလေး၊ ပုဂံ၊ မန္တလေး စသည်တို့
ရှိနေပြီး အကောင်အထည် ဖော်မှုတွင် အားနည်းချက်များ ရှိနေသည်ဟု သိရသည်။
“ဟိုတယ်ဇုန်တွေက လိုအပ်နေပြီလေ။ တစ်ခါတစ်ရံမှာ မလိုလားအပ်တဲ့
ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ရတာ ရှိနေတယ်။ ပုဂံစီမံကိန်းဆိုရင် ကြည့်လေ။
ရပ်ထားရတယ်။ အင်းလေးလည်း ကန့်ကွက်တာတွေ လုပ်လာကြတယ်” ဟု
ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားသည်။
အေဝိုင်အီး