ပရိသတ်အားယူရန် မြန်မာပါဝင်သည့် ဆီးဂိမ်း အုပ်စုအဆင့် ပြိုင်ပွဲ ရန်ကုန်တွင် ကျင်းပမည်





မြန်မာလူမျိုးတို့၏ အသည်းစွဲ အားကစားနည်း ဖြစ်သော ဘောလုံးကစားနည်းအတွက် ဆီးဂိမ်းတွင် မြန်မာအသင်း ပါဝင်သော အုပ်စုပွဲစဉ်များကို ပရိသတ်အများဆုံး အခြေပြုရာ ရန်ကုန်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း  အားကစားဝန်ကြီးဌာနမှ ၇-၂-၂၀၁၃ ရက်က သိရသည်။ အစောပိုင်းကာလများက ဆီးဂိမ်း၏ ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ နိုင်ငံတကာ အဆင့်မီ ကွင်းသစ်ကြီး နှစ်ကွင်းဖြစ်သော ဝဏ္ဏသိဒ္ဓိနှင့် ဇေယျာသီရိ အားကစားကွင်းတို့တွင် ကျင်းပသွားမည့် အနေအထားများ ရှိခဲ့ဖူးသော်လည်း မြန်မာပရိသတ်များ၏ လိုအင်ဆန္ဒနှင့် အားပေးမှုကို ရစေလိုသည့်အတွက် ရန်ကုန်တွင် ကျင်းပသွားရန် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။ “အုပ်စုပွဲစဉ်တွေမှာ ရန်ကုန်၊ နေပြည်တော် ခွဲပြီး ကစားစေမယ်။ မြန်မာအသင်း ပါတဲ့ အုပ်စုကို ရန်ကုန်မှာ ကျင်းပမယ်။ ရန်ကုန်မှာက ပရိသတ်တွေရဲ့ အားတွေ အများကြီး ရနိုင်တယ်လေ။ ပြီးတော့ မြန်မာအသင်းရဲ့ ပွဲတွေကို ရန်ကုန်မှာ ကန်လိုက်တဲ့အတွက် ပရိသတ်ရဲ့ ကျေနပ်မှုလည်း ပိုပြီး ရစေမှာပါ” ဟု အားကစားဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။ လက်ရှိတွင် အာဆီယံနိုင်ငံပေါင်း ၁၁ နိုင်ငံ ဖြစ်နေသည့်အတွက် ငါးသင်းနှင့် ခြောက်သင်းဟူ၍ အုပ်စုနှစ်စုခွဲကာ ကစားရမည်ဖြစ်သည်ဟု သိရသည်။ “အကြိုဗိုလ်လုပွဲနဲ့ ဗိုလ်လုပွဲတွေကို နေပြည်တော်မှာပဲ ကစားစေမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ အမျိုးသမီး ဘောလုံးပြိုင်ပွဲကိုမူ မန္တလေးတွင် ယှဉ်ပြိုင်စေမည်ဖြစ်ကာ အကြိုနှင့် ဗိုလ်လုပွဲ နေပြည်တော်တွင် ကစားစေမည်ဟုလည်း သိရသည်။

အေဝိုင်အီး

SHARE THIS