မြန်မာသင်္ဘောသား ၂၄ ဦးပါဝင်သော M.V Harita Bauxite သင်္ဘော ဖိလစ်ပိုင်နိုင်ငံအနီး နစ်မြုပ်ခဲ့၊ မြန်မာသင်္ဘောသား ၁ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသည့် ၁၄ ဦး အား ရှာဖွေဆဲဖြစ်

Monday, 18 February 2013
မြန်မာသင်္ဘောသား ၂၄ ဦးပါဝင်သော M.V Harita Bauxite သင်္ဘော ဖိလစ်ပိုင်နိုင်ငံအနီး နစ်မြုပ်ခဲ့၊ မြန်မာသင်္ဘောသား ၁ ဦး သေဆုံးခဲ့ပြီး
ပျောက်ဆုံးနေသည့် ၁၄ ဦး အား ရှာဖွေဆဲဖြစ်
Monday, 18 February 2013
    
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က မြန်မာသင်္ဘောသား ၂၄ ဦးပါဝင်သော M.V Harita Bauxite သင်္ဘောမှာ ဖီလစ်ပိုင်နိုင်ငံ အနောက်မြောက်ပိုင်းတွင် နစ်မြုပ်ခဲ့ပြီး၊ အဆိုပါ သင်္ဘောမှာ နစ်မြုပ်မှုကြောင့် သင်္ဘောသားတစ်ဦး သေဆုံးခဲ့ပြီး၊ ၉ ဦးအား ကယ်တင်နိုင်ခဲ့ပြီး၊ ကျန် ၁၄ ဦးအား ဆက်လက်ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။

ပနားမားနိုင်ငံအလံ လွှင့်ထူထားသော၊ စင်ကာပူနိုင်ငံ SIAN SEA RAY ကုမ္ပဏီပိုင် တန်ချိန် ၃၀၂၂၈ ခန့်ရှိ M.V Harita Bauxite သင်္ဘောမှာ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ ဦးတည်မောင်းနှင်လာစဉ် ဖိလစ်ပိုင်ကမ်းရိုးတန်း၊ ဘိုလီနာအိုမြို့ အနီးတွင် နစ်မြုပ်ခဲ့သည်။

အဆိုပါ သင်္ဘောနစ်မြုပ်မှုကြောင့် ဦးမြင့်အောင် Chief Cook (၅၄) နှစ်
သေဆုံးခဲ့ပြီး၊ သင်္ဘောသား ၉ ဦးအား တရုတ်နိုင်ငံပိုင် သင်္ဘောတစ်စီးမှ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ကျန်ရှိနေသည့် Capt အပါအ၀င် သင်္ဘောသား ၁၄ ဦးအား ဖိလစ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ ဆက်လက်
ရှာဖွေနေ ဆဲဖြစ်ကြောင်း သိရသည်။

အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သည့် သင်္ဘောသား ၉ ဦးအနက် ချိုအေး(Deck Fitter)နှင့် သန့်ဇင်မိုး (OS) တို့ နှစ်ဦးမှာ ဖိလစ်ပိုင်နိုင်ငံ
ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိသည်ဟု သိရသည်။ ကယ်တင်နိုင်ခဲ့သည့် အခြားသင်္ဘောသားများမှာ ဦးကြည်ဝင်း (C/O)၊ ဦးခင်မောင်ဝင်း (3/O)၊ ဦးအောင်ကျော်ခိုင် (2/E)၊ ဦးအောင်သူငြိမ်း (A/B)၊ ဦးဝင်းဇော် (3/O)၊ ဦးဝင်းမင်းသိန်း (OS)နှင့် ဦးအောင်ဆန်းဝင်း(Oiler) တို့ဖြစ်သည်။

တရုတ်သင်္ဘောမှ ကယ်တင်နိုင်ခဲ့သည့် သင်္ဘောသား ၉ ဦးအနက် အချို့မှာ မိသားစုနှင့် ယနေ့ (စက်တင်ဘာလ ၁၈ ရက်နေ့) တွင် ဆက်သွယ်နိုင်ခဲ့
ကြောင်းလည်း သတင်းရရှိပါသည်။

"ဒယ်ဒီက ဒီနေ့မနက်မှာ ဖိလစ်ပိုင်ကနေ ဖုန်းဆက်လာပါတယ်။ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာ မရှိလို့ သိပ်မစိုးရိမ်ဖို ပြောပါတယ်။ ခုတော့ ဖိလစ်ပိုင်မှာပဲ ရှိနေတယ်လို့ ပြောသွားပါတယ်" ဟု M.V Harita Bauxite သင်္ဘောတွင် ပါဝင်သည့် သင်္ဘောအရာရှိ တစ်ဦး၏ သားဖြစ်သူက Weekly Eleven သို့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရေ ကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာနခွဲ (SECD) မှ ညွှန်ကြားရေးမှူး ဦးသောင်းကြိုင်က "သေဆုံးသူအတွက် သေဆုံးလျော်ကြေး ရရှိဖို့၊ ထိခိုက်ဒဏ်ရာနဲ့ ဆေးရုံတက်ရောက် ကုသမှုခံယူရတဲ့သူတွေအတွက်
ဆေးကုသမှုစရိတ် အပါအ၀င် သင်္ဘောသားတွေ အကုန်လုံးရဲ့ လစာနဲ့ ထိခိုက်နစ်နာကြေးတွေ ရရှိနိုင်ဖို့ ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။
ပျောက်ဆုံး သင်္ဘောသားတွေ ရှာဖွေနိုင်ဖို့ကိုလည်း ကုမ္ပဏီနဲ့ပူးပေါင်းပြီး အတတ်နိုင်ဆုံး ကြိုးစားရှာဖွေ ပေးနေပါတယ်" ဟု ဖေဖော်ဝါရီလ ၁၈ ရက်နေ့က Weekly Eleven သို့ ပြောကြားခဲ့သည်။

ဓာတ်ပုံ - M/V Arita Bauxite sank near Sual, leaving one person dead, two injured and 14 missing.

Eleven Media Group

SHARE THIS