မလေးရှား တပ်ဖွဲ့ဝင် များသည် ဆာဘားရ် ပြည်နယ်အား တစ်လနီးပါးကြာ
ကျူးကျော်သိမ်းပိုက် ထားသည့် ဖိလစ်ပိုင် လက်နက်ကိုင် ကျူးကျော်သူ များနှင့်
ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေကို အဆုံးသတ်ရန် အတွက် ကြိုးပမ်းစဉ် အတွင်း
၎င်းတို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ မတ် ၁ဝ ရက်က မလေးရှား
လုံခြုံရေး တပ်ဖွဲ့ဝင် အရာရှိ နှစ်ဦး ထပ်မံ ဒဏ်ရာ ရရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းရှိ ဆာဘားရ် ပြည်နယ်အား ဖိလစ်ပိုင် လက်နက်ကိုင် ကျူးကျော်သူများက ၎င်းတို့၏ ဆူလ်တန် ဘိုးဘွားပိုင် နယ်မြေအဖြစ် ပြန်လည် တောင်းဆို ခဲ့ရာမှ စတင်ခဲ့သော တိုက်ပွဲတွင် ဖိလစ်ပိုင် လက်နက်ကိုင် ၅၃ ဦးနှင့် မလေးရှား လုံခြုံရေး တပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။
နှစ်ပေါင်းများစွာ အတွင်း အဆိုးရွား ဆုံးသော လုံခြုံရေး အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မလေးရှား နိုင်ငံသည် လက်နက်ကိုင် ကျူးကျော်သူ များအား ခြွင်းချက်မရှိ လက်နက်ချရန် ထပ်တလဲလဲ တောင်းဆို ခဲ့သော်လည်း လက်နက်ကိုင် ကျူးကျော်သူ များသည် အုန်းစိုက်ခင်းများ ပေါကြွယ်ဝသည့် ကျေးရွာနှစ်ရွာ ဝန်းကျင်တွင် ပုန်းအောင်းလျက် ၎င်းတို့ အနေဖြင့် လက်နက် မချနိုင်ကြောင်း ငြင်းဆိုခဲ့သည်။
လက်နက်ကိုင် ကျူးကျော်သူ များသည် ဖေဖော်ဝါရီ ၁၂ ရက်မှစ၍ ကျေးရွာအတွင်း ဝင်ရောက် ပုန်းခို ခဲ့ကြကြောင်းသိရသည်။