ဖာနန်ဒို တောရက်စ် အနေဖြင့် ချယ်လ်ဆီးမှ ထွက်ခွာရန် အချိန်အခါ သင့်နေပြီဟု ပရီးမီးယားလိဂ် နာမည်ကျော် တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်သော စတန်ကော်လီမောက ပြောကြားလိုက်သည်။
Sunday Peopleတွင် အားကစားဆောင်းပါး ကော်လံစား အဖြစ် ရေးသားခဲ့သည့် ကော်လီမောက ချယ်လ်ဆီးတွင် ခြေစွမ်းကောင်းများ ပျောက်ဆုံး တိမ်မြုပ်သွားသော စပိန် လက်ရွေးစင်သည် စတမ်းဖို့ဒ်ဘရစ်ဂ်ျကို ကျောခိုင်းသင့်ပြီဟု တိုက်တွန်းခဲ့သည်။
လီဗာပူးလ်မှ ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း(၅၀)ဖြင့် ချယ်လ်ဆီးသို့ ရောက်ရှိခဲ့သည့် ကစားသမားသည် မန်နေဂျာ သုံးဦးဆက် လက်ထက်တွင် တောက်ပြောင်လာခြင်း မရှိသလို လီဗာပူးလ်တွင် ၎င်းကို အကောင်းဆုံး ပုံသွင်း မြှင့်တင်ပေးခဲ့သည့် ရာဖာဘင်နီတက်ဇ်အား ချယ်လ်ဆီးက မန်နေဂျာရာထူး ခန့်အပ်ခဲ့မှုမှာလည်း အသုံးမဝင်ဘဲ ဖြစ်နေသည်။
ကော်လီမောက စတမ်းဖို့ဒ်ဘရစ်ဂ်ျသည် တောရက်စ်အတွက် သင့်တော်သော နေရာမှန် မဟုတ်သဖြင့် ၎င်းအား အသင်းမှ ထွက်ခွာရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။
"လက်ရှိ အနေအထားက တိုက်စစ်မှူး တစ်ယောက်အတွက်တော့ ဆိုးရွားတယ် ဆိုတာထက်ကို ပိုပါတယ်။ တောရက်စ်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက တော်တော် ယိုယွင်း ထိခိုက်နေပြီ။ ချယ်လ်ဆီးအတွက် နေ့တိုင်းနေ့တိုင်း ဝန်ထုပ်ဝန်ပိုးလို ဖြစ်နေရတယ်ဆိုတဲ့ အသိက တောရက်စ်အတွက်လည်း နာကျင်စေပါလိမ့်မယ်။ တစ်ချိန်က ကျွန်တော် ပြောဖူးပါတယ်။ ချယ်လ်ဆီးကနေ တောရက်စ် ထွက်သင့်ပြီလို့။ ခုလည်း ဒီစကားကို ထပ်ပြောချင်ပါတယ်။ ဒါဟာ သူ့အတွက် အဓိက လိုအပ်တဲ့ အခြေအနေဆိုတာ တောရက်စ် နားလည်ဖို့ မျှော်လင့်ပါတယ်"ဟု လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း ကောလီမောက ၎င်း၏ ဆောင်းပါးတွင် ရေးသားသွားခဲ့သည်။