လာဘ်စားမှုများကို ပြည်ထဲရေးဌာန ကိုင်တွယ်အရေးယူမည်

လာဘ်ပေးလာဘ်ယူမှုတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ အထောက်အထား အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဒီနေ့ နိုင်ငံပိုင် သတင်းစာတွေကနေ သတင်းထုတ်ပြန်လိုက်ပါတယ်။ ပြည်ထဲရေးဌာနရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ အစိုးရရုံးဌာနတွေမှာ ငွေကြေး ဒါမှမဟုတ် ပစ္စည်း တောင်းဆိုပေးကမ်းမှုတွေ ရှိနေဆဲဖြစ်ပြီး ဒါတွေဟာ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာ လက်ခံလို့မရတဲ့ ဆိုးဝါးတဲ့ အကျင့်စရိုက်တွေဖြစ်ပြီး တိုင်းပြည်နဲ့ လူမျိုးဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် ထိထိရောက်ရောက် တိုက်ဖျက်အရေးယူ ဆောင်ရွက်သွားရမယ်လို့ ဖော်ပြပါတယ်။ လာဘ်စားမှုတွေကို ပြည်သူတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ၀န်ကြီးရုံးနဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနတို့ကို ဆက်သွယ်တိုင်ကြားနိုင်ပြီး၊ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်နဲ့ ဖက်စ်နံပါတ်တွေလည်း သတင်းစာမှာ ဖော်ပြထားပါတယ်။ တိုင်ကြားလိုသူတွေအနေနဲ့ ဘယ်လို အချက်အလက် အထောက်အထားတွေ တင်ပြတိုင်ကြားရမှာလဲလို့ ဆက်သွယ်မေးမြန်းတဲ့အခါ အဲ့ဒီအတွက် အသေးစိတ်ထုတ်ပြန်ဖို့ ပြင်ဆင်နေတုန်းပဲလို့ ပြည်ထဲရေး ၀န်ကြီးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။ သတင်းကြေညာချက်မှာ ဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်တိုင်ကြားလို့ ရ မရ အခြေအနေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။ “ဘယ်အချက်တွေကို တိုင်ကြားချင်တယ်ဆိုရင် အချက်အလက်တွေရေးလိုက်ပါ။ ပြီးရင် ဖက်စ်နံပါတ်ပေးပါမယ်၊ ဖက်စ်ထိုးပေးလိုက်ပါ။ စစ်ဆေးပြီးရင် အခြေအနေကို ပြန်ကြားပေးပါမယ်။” တိုင်ကြားသူရဲ့ လုံခြုံရေးအတွက် စီမံထားမှု အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အခုလို ပြောပါတယ်။ “တိုင်တဲ့သူကိုလည်း ဖော်ထုတ်မှာ မဟုတ်ဘူး။ ဒီလူကတိုင်ပါတယ်လို့လည်း ပြောမှာမဟုတ်ပါဘူး။ မှန်တယ်ဆိုရင် စိစစ်ဖော်ထုတ်မယ်၊ သက်ဆိုင်ရာ ဌာနကို အကြောင်းကြားပြီးတော့ အရေးယူဖို့လုပ်မယ်။ လိုအပ်ရင် အထက်ဌာနကို တင်ပြမယ်။ ဘယ်သူတိုင်တယ်ဆိုတာကိုတော့ ဖော်ထုတ်ဖို့ မရှိပါဘူး။” လာဘ်ပေးလာဘ်ယူမှုတွေကို အခုလို ၀န်ကြီးဌာနတခုတည်းက အရေးယူဆောင်ရွက်ရုံနဲ့ လုံလောက်မှု ရှိမရှိ၊ တိုင်ကြားသူတွေအတွက် ဥပဒေအရ ဘယ်လိုအကာအကွယ်ပေး ဆောင်ရွက်သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က တရားလွှတ်တော်ရှေနေ့ ဦးကိုနီက အခုလို ပြောပါတယ်။ “ပြည်ထဲရေး ၀န်ကြီးဌာနက လာဘ်လာဘ်ယူကိစ္စတွေကို ဖော်ထုတ်အရေးယူပေးဖို့ တာဝန်ရှိတယ်။ တချိန်တည်းမှာ မှန်မှန်ကန်ကန် သတင်းပေးသူတွေကိုလည်း ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ ဘာလို့လဲဆိုတော့ အုပ်ချုပ်ရေး အာဏာပိုင်ဆိုတာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး၊ အေးချမ်းသာယာရေးကို တာဝန်ယူရတဲ့ အဖွဲ့ဖြစ်တယ်။ လာဘ်ပေးလာဘ်ယူဆိုတာ ဥပဒေချိုးဖောက်တဲ့ ကိစ္စ၊ လာဘ်ပေးလာဘ်ယူမှုကို မဖြစ်အောင် ဟန့်တားဖို့ရော၊ အကာအကွယ်ပေးဖို့ရော ဒါဟာ သူတို့ လုပ်ရမယ့် တာဝန်ပဲ။ တကယ် ထိထိရောက်ရောက် အလုပ်လုပ်တာကို လိုချင်ပါတယ်၊ ထိထိရောက်ရောက်လည်း အရေးယူပေးပါ။ တိုင်တဲ့သူကိုလည်း ကာကွယ်ပေးပါ။ အဲလိုမဟုတ်ဘဲ အပြောပဲ ပြောနေမယ်ဆိုရင် ဒီကိစ္စက တော်တော်တော့ ပြောဖို့ခက်ပါတယ်။ လာဘ်ပေးလာဘ်ယူ အများဆုံးလုပ်နေတာက ဘယ်အ၀န်းအ၀ိုင်းလဲဆိုတာ မေးလိုက်ရင်ကို အဖြေကပေါ်နေပါပြီ။ ဒါက ဆက်စပ်မှုရှိနေပါတယ်။ ဆိုပါတော့. အုပ်ချုပ်ရေးဆိုင်ရာ ၀န်ထမ်းတွေ၊ တရားရေးဆိုင်ရာ ၀န်ထမ်းတွေ၊ လာဘ်စားလို့ရတဲ့နေရာမှာ ရှိနေတဲ့သူတွေ။ တချိန်တည်းမှာ အရေးယူရမယ့်သူတွေကလည်း သူတို့ပဲဖြစ်နေတယ်လေ။ အုပ်ချုပ်ရေးဝန်ထမ်းဆိုတာ အများကြီး. စည်ပင်ရှိမယ်၊ ရဲတပ်ဖွဲ့ရှိမယ်၊ လူဝင်မှုကြီးကြပ်ရေး ရှိမယ်ဗျာ။ နေရာတိုင်းက သူတို့ရဲ့ လုပ်ပိုင်ခွင့် အာဏာကို လာဘ်ငွေယူပြီး တလွဲသုံးနိုင်တာပဲ။ ဒါကြောင့် လာဘ်ပေးလာဘ်ယူကိစ္စဟာ တော်တော်ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်လုပ်ရမယ်။ မူဝါဒတွေ ကောင်းကောင်းချမှတ်ပြီး လုပ်ရမယ်။ ဘက်ပေါင်းစုံ.တရားရေးနဲ့ အုပ်ချုပ်ရေးပူးပေါင်းပြီး လုပ်ရမယ်။ အဓိကက ထိပ်ပိုင်းက မူဝါဒချမှတ်ပေးသူတွေ ကောင်းကောင်းမွန်မွန် မူဝါဒချမှတ်ပေးပြီး သူတို့ချမှတ်ပေးတဲ့ မူဝါဒ စည်းကမ်းတွေကိုလည်း တိတိကျကျ အောက်လူတွေ လိုက်နာအောင်၊ အပေါ်က ဥပဒေလုပ်ပေးလိုက်မယ်. အောက်ကလူတွေ လိုက်နာတာ မလိုက်နာတာ သူတို့ကိစ္စဆိုပြီးထားမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးဟာ ဖြစ်လာမှာမဟုတ်ဘူး။” ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ကတော့ အခုလို လာဘ်ပေးလာဘ်ယူကိစ္စ တိုင်ကြားချက်တွေကို လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက လက်ခံဆောင်ရွက်ပေးနေတာလို့ တာဝန်ရှိသူက ပြောပါတယ်။ ခေတ်ကာလအချိန်နဲ့ လိုက်လျောညီထွေရှိပြီး နိုင်ငံတကာစံနဲ့ ကိုက်မယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ လွှတ်တော်မှာရေးဆွဲနေပြီး လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းအောင် ဆောင်ရွက်ရာမှာ ပြည်သူလူထုရဲ့ အကူအညီ ရယူဖို့ အထူးလိုအပ်တယ်လို့ ပြည်ထဲရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ အကျင့်ပျက်ချစားမှုတွေကို စောင့်ကြည့်လေ့လာတဲ့ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ Transpararency International ကတော့ မြန်မာ၊ မြောက်ကိုရီးယား၊ ဆိုမားလီးယားနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကို လာဘ်စားမှု အဆိုးရွားဆုံးတိုင်းပြည် တွေအဖြစ် နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။ ရွှေအောင် DVB - ၊နိုဝင်ဘာ-၃၀

SHARE THIS
Previous Post
Next Post