မြန်မာ့ ရေလုပ်ငန်းများတွင် ထိုင်းရေလုပ်ငန်းလာရောက် ပူးပေါင်းလုပ်ကိုင်လို


မြန်မာနိုင်ငံရှိ ရေလုပ်ငန်းများတွင် ထိုင်းနိုင်ငံ ရေလုပ်ငန်းဦးစီးဌာနမှ နှစ်နိုင်ငံပူးတွဲလုပ်ကိုင်လိုကြောင်း ပထမဆုံးအကြိမ် အဖြစ် ပြည်ထောင်စုအစိုးရထံ အဆိုပြုချက်တင်ထားကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရှိရသည်။ "ဘယ်ကိစ္စပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အားနည်းချက်အားသာချက်တွေကို စဉ်းစားပြီး အများလက်ခံသဘောတူနိုင် မှ ဆောင်ရွက်သင့်တယ်။ အခုလိုကမ်းလှမ်းလာမှုတွေအပေါ်ကိုလည်း လုပ်ငန်းခွင်တွေက လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးပြီးပြန် တင်ပြပါလို့ ပြည်ထောင်စုဝန်ကြီးကလည်း ပြောထားတယ်"ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုင်းနိုင်ငံရေလုပ်ငန်းဦးစီးဌာနမှ နှစ်နိုင်ငံပူးတွဲကော်မတီဖွဲ့ကာ ရေထွက်လုပ်ငန်းများကို ၂၀၁၃ ခုနှစ်၊ ဇွန်လ၌ ဆောင်ရွက် လိုကြောင်း အဆိုပြုချက်တင်ထားပြီး ၄င်းအဆိုပြုချက်ပေါ် မွန်၊ ကရင် ရေထွက်လုပ်ငန်းများ၊ မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ညှိနိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့တွင် ခဲ့ကြောင်း ကိုလည်း ၄င်းက ဆက်လက်ပြောဆိုသည်။ အဆိုပါ ညှိနိုင်းဆွေးနွေးပွဲမှ ရလဒ်များဖြစ်သော အားနည်းချက် အားသာချက်များကို ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြထားကြောင်း သိရှိရသည်။ "ပူးတွဲလုပ်ဖို့ဆို တာကတော့ အရင်က စီးပွားရေးပိတ်ဆို့မှု ရှိတဲ့အတွက်ကြောင့် ထိုင်းကို အားကိုးခဲ့ရတယ်။ အခု ပိတ်ဆို့မှုတွေ လည်း လျော့သွားပြီဆိုတော့ ထိုင်းချည်းပဲ အားကိုးပြီးလုပ်မယ့်အစား သူ့ထက်သာတဲ့နိုင်ငံမျိုးက ကမ်းလှမ်းလာရင် လက်ခံသင့်တယ်"ဟု ငါးလုပ်ငန်းအဖွဲ့ ချုပ်မှ ဦးဝင်းကြိုင်က ပြောသည်။ မြန်မာနိုင်ငံရှိ ပင်လယ်ငါးဖမ်းလုပ်ငန်းများကို မည်သည့်နိုင်ငံများသို့မျှ မပေးသင့်ကြောင်း၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်နိုင်ရန် နိုင်ငံသားများကိုသာလုပ်ပိုင်ခွင့်ပြုသင့်ကြောင်း၊ ပင်လယ်ပြင်သယံဇာတသုတေသနအား ကိုယ်တိုင်ပြုလုပ် ခြင်းများ ဆောင်ရွက်သင့်ကြောင်းနှင့် ပင်လယ်ငါးဖမ်းလုပ်ငန်းများတွင် လုပ်ခနည်းနည်းဖြင့် လုပ်ကိုင်နေရသော မြန်မာ့ရေ လုပ်သားများအား ပြန်လည်ခေါ်ယူကာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးသင့်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြံပြုပြောဆိုသည်။ မြန်မာ့နိုင်ငံမှ ရေလုပ်သားများအား လုပ်ခနည်းနည်းဖြင့် ပြည်ပနိုင်ငံများမှ ခေါ်ယူနေပြီး ပြည်တွင်း ရေလုပ်ငန်း များတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ပြည်ပဈေးကွက်ဝင် ရေထွက်လုပ်ငန်းများကို ထိုးချဲ့ ဆောင်ရွက်ပေးခြင်းဖြင့်  ဒေသတွင်း ဖွံ့ဖြိုးမူနှင့် ပြည်ပသွားရောက်အလုပ်လုပ်ကိုင်နေရသူများအတွက် များစွာ အထောက်အကူဖြစ်လာနိုင်ကြောင်း ၄င်းက အကြံပြုပြောဆိုသည်။ မြန်မာ့ရေပြင်တွင် တနသာင်္ရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့သည် ထိုင်းနိုင်ငံနှင့် ပင်လယ်နယ်နိမိတ်ခြင်းထိ စပ်ဆက်လျှက်ရှိကြောင်း သိရှိရသည်။from myit ma kha

SHARE THIS
Previous Post
Next Post