စစ်တွေ၌ ကုန်ကြမ်းရှား၍ ငါးမှုန့်လုပ်ငန်းများ ရပ်နားထားရ

ရွှေငါးမှုန့်(ခေါ်) ပါပရာ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ငါးစိမ်းကုန်ကြမ်းဈေးမြင့်တက်နေခြင်းနှင့် ငါးရှားပါးလာခြင်းကြောင့် စစ်တွေမြို့မှ ငါးမှုန့်အလုပ်ရုံများမှာ ရပ်နားရသည်အထိ ကြုံတွေ့လာရ ကြောင်း သိရှိရသည်။ "ပါပရာထုတ်လုပ်တဲ့ ငါးစိမ်းကုန်ကြမ်းက ဈေးအရမ်းတက်နေတော့ ဘယ်လိုမှ မကိုက်ကြဘူး။ အဲဒါ ကြောင့် အချို့စက်ရုံတွေဆို လုပ်ငန်းတွေ ရပ်ထားကြတယ်"ဟု စစ်တွေမြို့ ရူပတောင်ရပ်ကွက်မှ ရွှေငါးမှုန့် ထုတ်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
စစ်တွေမြို့တွင် ပါပရာထုတ်လုပ်မူအတွက် အသုံးပြုရသော ငါးကုန်ကြမ်းကို ဇွန်လမတိုင်မှီ လများ၌ တစ်ပတ်အတွင်း တန်ချိန် (၁၀၀)မှ (၁၅၀)အထိဖြင့် လုပ်ငန်းများလည်ပတ်ခဲ့ကြရပြီး ရခိုင်ဒေသတွင်း ဈေးကွက်များ၊ ဘင်္ဂလာဒေ့ရှ်ရိုးမအရှေ့ ရန်ကုန်ဈေးကွက်နှင့် အခြားဈေးကွက်အသီးသီးသို့ တင်ပို့ ရောင်းချ နေရကြောင်း သိရှိရသည်။ ရွှေငါးမှုန့် (ခေါ်) ပါပရာသည် ငါးညို့၊ ငါးသားတိုက်၊ ငါးနီမ၊ ငါးကြင်း စသော ငါးများကို အဓိကထားထုတ်လုပ်ပြီး ဒေသတွင်းနှင့် ပင်လယ်ပြင်လုံခြုံရေးအနေအထားများ၊ ပင်လယ်ရေနည်းပါးချိန် ရောက်ရှိမူများကြောင့် ကမ်းနီး ကမ်းဝေးငါးဖမ်းလှေများ ငါးဖမ်းထွက်မှုနည်းပါးကာ ဈေးကွက်တွင်း ငါးဝင်ရောက်မူ နည်းပါးခြင်းကြောင့် ကုန်ကြမ်းဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း စစ်တွေမြို့ ဒေသခံ ရွှေငါးမှုန့် ထုတ်လုပ်ရေးလုပ်ငန်းရှင်များက သုံးသပ်သည်။ "လုံးဝမကိုက်ဘူး ဈေးကွက် မပျက်အောင် အကျိုးအမြတ်မရှိပဲ တောင့်ခံပြီးလုပ်ကိုင်နေကြရတာပါ။ ကုန်ကြမ်းကလည်း ထက်ဝက်ဈေးတက်လာတယ်။ ဒီဈေးနဲ့ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး။ လုပ်ငန်းတောင်ရပ်နားထားရတော့မယ် အနေအထားဖြစ်နေတယ်"ဟု စစ်တွေမြို့ အနောက်စံပြရပ်ကွက်မှ ရွှေငါးမှုန့်အလုပ်ရုံပိုင်ရှင် ဦးမြတ်ထွန်းက ပြောသည်။ ငါးမှုန့်ထုတ်မှုအတွက် ငါးစိမ်းကုန်ကြမ်းဈေးကွက်တွင် ၂၀၁၂ခုနှစ် ဇွန်လမတိုင်မှီအချိန်တွင် ငါးအမျိုးအစားပေါ်မူတည်၍ (၅)ပိဿာ လျှင် ကျပ် (၃)သောင်းဈေးကွက်ရှိခဲ့ပြီး ဇွန်လနောက်ပိုင်း၌ ကုန်ကြမ်း ဈေးတဖြည်းဖြည်း မြင့်တက်လာကာ (၅)ပိဿာလျှင် ကျပ် (၆)သောင်းမှ (၈)သောင်း အထိဈေးရှိလာခြင်း ဖြစ်သည်။ စစ်တွေမြို့နယ်၌ ရွှေငါးမှုန့် (ခေါ်) ပါပရာထုတ်လုပ်မူ စက်ရုံအလုပ်ရုံ (၁၂)ရုံဖြင့် လည်ပတ်လုပ်ကိုင်နေရာမှ နိုဝင်ဘာလဆန်းပိုင်းတွင်း အလုပ်ရုံ (၅)ရုံသည် လုပ်ငန်းလည်ပတ်မှု ရပ်နားထားကြောင်း၊ အချို့စက်ရုံအလုပ်ရုံမှာ အကျိုးအမြတ်ထက် ဈေးကွက်ဖောက်သည် မပျက်စေရေး ထိန်း၍ လည်ပတ်နေရသည့် အနေအထားမျိုးဖြစ်ကြောင်းကိုလည်း လုပ်ငန်းရှင်တို့က ဆိုသည်။

SHARE THIS
Previous Post
Next Post