ရက္ခိုင့်တပ်မတော် (Arakan Army) မှ ဗိုလ်မှူးကြီးထွန်းမြတ်နိုင်ပျောက်ဆုံးနေ

    Sunday, 27 January 2013
GeneralTMNဇန္နဝါရီလ ၂၅ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ တရုတ်နိုင်ငံ ကူမင်းသို့ China Eastern Airlines-MU-2594 လေယဉ်ဖြင့် ၂၅-၀၁-၂၀၁၃ နေ့ ၁၉း၃၀ နာရီထွက်ခွာ စီးနင်းလိုက်ပါသွားခဲ့သော ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်အား ယခုအချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
" ပုံမှန်ဆိုရင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့နဲ့ တရုတ်နိုင်ငံ ကူမင်းဟာ ၁ နာရီ ၃၀ မိနစ်လောက်ပဲ ကြာတယ်။ အခု ကျနော်တို့ ဗိုလ်မှူးကြီးသွားတာက ၂၅ ရက်နေ့ကသွားတာ အခုအချိန်ထိ ဘာအဆက်အသွယ်မှ လုပ်လို့မရသေးဘူး။ ဘာသတင်းမှလည်းမရဘဲ ပျောက်ဆုံးနေတယ်။ သူကရောက်တဲ့နေရာကနေ တစ်နာရီအတွင်း အမြဲတမ်းအဆက်သွယ်လုပ်လေ့ရှိတယ်။ " ဟု ထိုင်းနိုင်ငံအခြေစိုက် ဗိုလ်မှူးကျော်ဟန်က အာရ်ကန်တိုင်းမ်းစ်သို့ ပြောကြားသွားသည်။
ဗိုလ်မှူးကြီးထွန်းမြတ်နိုင်အား အဆက်အသွယ်တစ်စုံတစ်ရာမရဘဲ ပျောက်ဆုံးနေခြင်းနှင့်ပတ်သက်၍ " ကျနော်တို့စိုးရိမ်တာက ဒီလိုပါ။ ဗိုလ်မှူးကြီးထွန်းမြတ်နိုင်ကို ဗမာအစိုးရနဲ့တရုတ်အစိုးရပေါင်းပြီးတော့ ဖမ်းဆီးထားလို့ အဆက်အသွယ်မရတာလား။ ၂၀၁၁ ခုနှစ်ကဆိုရင်လည်း ကရင်အမျိုးသား အစည်းအရုံး (KNU)မှ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဖဒိုမန်းငြိမ်းမောင်အား တရုတ်အစိုးရက ဖမ်းဆီးခဲ့ပြီးတော့ ဗမာအစိုးရလက်ထဲကို လွှဲပြောင်းပေးလိုက်တာတွေ ရှိခဲ့တယ်။ ပြီးတော့ ၁၉၉၈ ခုနှစ်မှာ ရခိုင်တပ်မတော်မှ စစ်ဦးစီးချုပ်ဗိုလ်ရာဇာအပါအဝင် တော်လှန်ရေးခေါင်းဆောင်(၆)ဦးကိုလည်း ဗမာအစိုးရက အိန္ဒိယအာဏာပိုင်တွေနဲ့ပေါင်းပြီးတော့ ဖမ်းဆီးသတ်ဖြတ်ခဲ့တာတွေလည်းရှိခဲ့တယ်။ " ဟု ဗိုလ်မှူးကျော်ဟန်က ဆက်လက် ပြောကြားသွားသည်။
ယခုကဲ့သို့ ဗမာအစိုးရသည် အိမ်နီးချင်းနိုင်ငံများ၏ အကူအညီကိုယူကာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်များအား နည်းလမ်းမျိုးစုံအားအသုံးပြုကာ နှိပ်ကွက်နှိမ်နှင်းခဲ့မှုများလည်း ရှိခဲ့သည်။
ရက္ခိုင့်တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးထွန်းမြတ်နိုင်သည် ၂၀၁၃ ခုနှစ်၊ ဇန္န၀ါရီလ (၁၁) မှ (၁၄) ရက် နေ့တွင် ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပပြုလုပ်ခဲ့သာ ရခိုင်အမျိုးသားအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး တရုတ်လေကြောင်းဖြင့်အပြန်တွင် ယခုလိုပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။
U Tun Mrat Ning by အာရ်ကန်တိုင်းမ်စ်

SHARE THIS
Previous Post
Next Post