အစာကုန်ကြမ်းရှား၍ နယ်စပ်တစ်ဘက်ကမ်းသို့ ၀က်တင်ပို့မှုလျော့ကျလာ


အာရကန်ကိုကို (မြစ်မခ)
by Myit Makha Mediagroup on 3 Jan, 2013

ဝက်စာကုန်ကြမ်းရှားပါးခြင်းနှင့်အတူ အစာဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပြည်ပဈေးကွက်သို့ တင်ပို့ရန် အခက်အခဲရှိလာကြောင်း မောင်တောဒေသရှိဝက်မွေးမြူရေးလုပ်ငန်းရှင်များထံက သိရ သည်။
 
 အဆိုပါဒေသ၌ ၂၀၀၈ ခုနှစ်ပိုင်းတွင် ဖွဲဆန်မှုန့်တစ်တောင်းလျှင် ကျပ် (၁၅၀)မှ ကျပ် (၂၀၀)၀န်းကျင် ဈေးရှိခဲ့ရာမှ ယခု ၂၀၁၂-၂၀၁၃ ခုနှစ်များ၌ ကျပ် (၅၀၀)မှ ကျပ်(၆၀၀)အထိ ဈေးနှုန်းများ မြင့်တက် လာခြင်းဖြစ်ကြောင့်ဖြစ်သည်ဟု   ဒေသခံတို့ကဆိုသည်။
 
"အစာဖွဲဆန်မှုန့်ဈေးနှုန်းကလည်း တစ်တောင်းကို (၄၀၀)လောက် ဈေးတက်လာခဲ့တယ်။ ထွက်တဲ့ ကုန်တွေကိုလည်း တင်ပို့အတွက် ဒီကနေ ဘင်္ဂလားဒေ့ရှ်နဲ့  မောင်တောဈေးကွက်ကို အရင်လို လွယ် လွယ်ကူကူ မတင်ပို့နိုင်ကြတော့ဘူး။" ဟု မောင်တောမြောက်ပိုင်း တမန်းသားကျေးရွာမှ ၀က်မွေးမြူ ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
 
ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ တင်ပို့ရန်နှင့် ဒေသတွင်းစားသုံးရန်အတွက် ၀က်များကို အိမ်ထောင်စု တစ်စုလျှင် စီးပွားရေးအသွင် အနေဖြင့် နှစ်ကောင်မှငါးကောင်အထိ စီးပွားဖြစ်မွေးမြူလာပြီး ဘင်္ဂလားဒေ့ရှ်-မောင်တောနယ်စပ် တစ်ဖက်ကမ်း ရခိုင်၊ ဒိုင်းနက်၊ သက်၊ မာရမာလူမျိုးများမှ အဓိကထား ၀ယ်ယူနေကြောင်းကိုလည်း သိရသည်။
 
"ပြည်ပတင်ပို့ဖို့နဲ့ ဒေသတွင်းစားသုံးဖို့အတွက် ဒီမှာ အိမ်တိုင်းလိုလို နှစ်ကောင် သုံးကောင်လောက် တော့ မွေးကြတယ်။ ဒါကလည်း အိမ်အတွက် ၀င်ငွေတစ်ခုပဲလေ။ အစာဈေးကလည်းကြီး ဈေးကွက် က ဒေသတွင်းပဲဆိုတော့ ၀က်မွေးသူတွေ အခက်အခဲဖြစ် ကုန်တာပေါ့"ဟု မင်းခမောင်းကျေးရွာမှ ၀က်မွေးမြူသူ ဦးတင်မောင် က ပြောသည်။
 
အဆိုပါဒေသ၌ လက်ရှိတွင် ရောင်းတန်းဝင် ၀က်တစ်ကောင်လျှင် အရွယ်အစားပေါ်မူတည်၍ ကျပ် ခြောက်သောင်း (၆၀၀၀၀ိ/-)မှ ကျပ် တစ်သိန်း (၁၀၀၀၀၀ိ/-) ဈေးကွက်ရှိပြီး ၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်း ဘင်္ဂလာဒေ့ရှ်ဈေးကွက်သို့ တင်ပို့နေရစဉ်က အရွယ် အစားပေါ်မူတည်ပြီး တစ်ကောင်လျှင် ကျပ် ကိုးသောင်း (၉၀၀၀၀ိ/-)မှ ကျပ် တစ်သိန်းငါးထောင် (၁၅၀၀၀၀ိ/-)အထိ ဈေးရခဲ့ကြောင်း ၀က်အ၀ယ်တော်များထံက သိရသည်။
 

SHARE THIS
Previous Post
Next Post