ဂျပန်ကုမ္ပဏီ ရန်ကုန်တွင် ဘတ်စ်ကားလိုင်း ပြေးဆွဲမည့်အစီအစဉ် ပျက်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (အမ်အိုင်စီ) အထိ တင်ပြထားပြီးဖြစ်တဲ့ ရန်ကုန်မြို့တွင်းမှာ အဆင့်မြင့် ဘတ်စ်ကားတွေ ပြေးဆွဲမယ့် အစီအစဉ်ဟာ ဂျပန်စုပေါင်းကားကုမ္ပဏီ ဖျက်သိမ်းလိုက်ပြီ ဖြစ်တဲ့အတွက် ပျက်ပြယ်သွားပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးဝင်းနောင်က ဒီဗွီဘီကို ပြောပါတယ်။

နဂိုမူလက ဒီကုမ္ပဏီစုဟာ ရန်ကုန်မြို့ကို ရောက်လာပြီး ပထမအဆင့်အနေနဲ့ ဘတ်စ်ကား အစီး ၃၀၀ လောက် အသုံးပြုပြီး ရန်ကုန်မြို့တွင်းမှာ အဆင့်မြင့် ဘတ်စ်ကားလိုင်း ပြေးဆွဲမယ်လို့ အဆိုပြုတင်ပြခဲ့ပြီး မြန်မာနိုင်ငံ အစိုးရဘက်ကလည်း ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကလည်း ဘတ်စ်ကားအစီး ၃၀၀ နည်းတယ်၊ ၃၀၀၀ လောက်နဲ့ ဆွဲပါလို့ ပြောခဲ့ပြီး မီဒီယာတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။

အဆိုပါ ဂျပန်စုပေါင်းကားကုမ္ပဏီဟာ လုပ်ငန်းမစတင်မီ အသေးစိတ် လေ့လာတွက်ချက်မှုတွေ ပြုလုပ်ချိန် မြန်မာနိုင်ငံ ရန်ကုန်မြို့ရဲ့ လမ်းကြောအနေအထားများ၊ လမ်းစည်းကမ်းများ၊ အကျိုးအမြတ် ရရှိနိုင်ခြေ စတာတွေ သိရှိပြီးနောက် နောက်ဆုတ်သွားတာ ဖြစ်နိုင်ကြောင်း ဦးဝင်းနောင်က သုံးသပ်ပါတယ်။

SHARE THIS
Previous Post
Next Post