ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများ ကျောက်မျက် ကုမ္ပဏီတစ်ခုအား အကြမ်းဖက်တိုက်ခိုက်


ကချင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ အဆက် မပြတ် ဆောင်ရွက်လျက်ရှိသည့် ကေအိုင်အေ သောင်းကျန်းသူ အဖွဲ့သည် စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများအား အကြမ်းဖက် တိုက်ခိုက်လျက်ရှိရာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၉ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်ရှိ ဝေအောင်ကမ္ဘာ ကုမ္ပဏီ အုပ်ချပ်ရေးရုံးခန်းသို့ ကေအိုင်အေ ၇ ဦးခန့် ရောက်ရှိလာပြီး ကုမ္ပဏီဝန်ထမ်း အိပ်ဆောင်အား ဓါတ်ဆီလောင်းမီးရှို့ကာ ကုမ္ပဏီပိုင် ပါဂျဲရိုးတစ်စီးအား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း သိရှိရပါသည်။ ကေအိုင်အေ၏ အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် အရှည် ၁၀၀ ပေရှိ နှစ်ထပ် ဝန်ထမ်းဆောင် မီးလောင် ပျက်စီးခဲ့သည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်း ထုတ်ပြန်ချက် (၃/၂၀၁၃) ထုတ်ပြန်ပြီးနောက် ကေအိုင်အေ အဖွဲ့အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် ပစ်မှတ်များအား တတိယ အကြိမ်မြောက် တိုက်ခိုက် ခြင်းဖြစ်သည်။ ကေအိုင်အေ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကို များစွာ ထိခိုက်မှု ဖြစ်ပေါ်စေမှုအပေါ် ဒေသခံပြည် သူများမှ များစွာ စိတ်ပျက်လျက် ရှိကြောင်းနှင့် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အား အပြင်းအထန် ပြစ်တင်ရှုတ်ချ လျက်ရှိကြောင်း သတင်းရရှိပါသည်။ MWD

SHARE THIS
Previous Post
Next Post