မိုဘိုင်းဖုန်းများအား လက်ရှိထက် သက်သာသည့် ဈေးနှုန်းဖြင့် မကြာမီ ရောင်းချမည်ဟု ဆက်သွယ်ရေး ဒုတိယ၀န်ကြီး ပြောကြား


မိုဘိုင်းတယ်လီဖုန်းများအား လက်ရှိထက် ပိုမိုသက်သာသည့် ဈေးနှုန်းဖြင့် မကြာမီ ရောင်းချသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းက (ယနေ့) ဇန်န၀ါရီလ ၂၈ ရက်က ပြောကြားခဲ့သည်။

“မိုဘိုင်းဖုန်းတွေကို လက်ရှိထက် ပိုမိုသက်သာတဲ့နှုန်းနဲ့ ရောင်းဖို့ စီစဉ်ဆောင်ရွက် နေပါတယ်။ အဲဒီလို သက်မှတ်ပြီးရင် ရောင်းချမယ့် နှုန်းတွေကို ပြည်သူတွေကို အတိအကျ အသိပေးသွားမှာပါ။ ရောင်းချမယ့် အစီအစဉ်တွေကိုလည်း မကြာခင် ကြေညာသွားမှာပါ။ ဒီထက်ပိုပြီး အတိအကျ ပြောရမယ်ဆိုရင် ယခုထက်များစွာ သက်သာတဲ့ နှုန်းနဲ့ ပြည်သူတစ်ရပ်လုံးက ၀မ်းမြောက်ဝမ်းသာ ဖြစ်မယ့် လက်ခံနိုင်တဲ့ နှုန်းထားမျိုးနဲ့ ၀န်ဆောင်မှု ပေးသွားမှာပါ” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းက အမျိုးသားလွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုး၏ မိုဘိုင်းဖုန်းများကို ဈေးလျှော့ချရန် အစီအစဉ် ရှိသည့်အတွက် ကျေးလက်နေ ပြည်သူများအား အရစ်ကျ ရောင်းချမည့် အစီအစဉ်ကို ဈေးလျှော့ပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် အစီအစဉ် ရှိမရှိနှင့် စက်လျဉ်းသည့် မေးခွန်းအား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းက ပြန်လည် ဖြေကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ၌ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများအား ကျပ်နှစ်သိန်း၊ WCDMA မိုဘိုင်းဖုန်များအား ကျပ်နှစ်သိန်းခွဲဖြင့် ရောင်းချလျက် ရှိသည်။

အလားတူ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဇန်န၀ါရီလ ၂၅ ရက်တွင် Eleven Media Group သို့ တရားဝင် ပြောကြားခဲ့သည်။

လက်ရှိတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း နုတ်ထွက်ပြီးနောက် ၎င်းပြည်ထောင်စုဝန်ကြီး အပါအ၀င် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး၊ အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူ အချို့အား လာဘ်ပေးလာဘ်ယူ ကိစ္စဖြင့် စစ်ဆေးနေသည်ဟု ပြင်ပသတင်းများ ထွက်ပေါ်နေခြင်းကို အတည်ပြုမေးမြန်းရာ ၎င်းက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် စုံစမ်းစစ်ဆေးဆဲ ဖြစ်တဲ့အတွက် အသေးစိတ် သတင်းအချက်အလက်များ ထုတ်ပြန်ပြောဆိုလို့ မရသေးပါဘူး” ဟု ဦးရဲထွဋ်က ပြောကြားခဲ့ပါသည်။

ဦးသိန်းထွန်းသည် ယခင်အစိုးရ လက်ထက်တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ရာထူးတိုးမြှင့် ခံခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်၂/၂၀၁၃ ဖြင့် နိုင်ငံတော် သမ္မတက ဦးသိန်းထွန်းအား ၎င်း၏ သဘောဆန္ဒအလျှောက် နုတ်ထွက်ခွင့်ပြုကြောင်း ကြေညာခဲ့သည်။

ဇန်န၀ါရီလဆန်းပိုင်းက တန်ဖိုးနည်း မိုဘိုင်းဖုန်းများအား အများပြည်သူသို့ ဈေးနှုန်းသက်သာစွာ ရောင်းချပေးရန် စီစဉ်နေသည့် ကာလတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း ယခုကဲ့သို့ ရာထူးမှ နုတ်ထွက်သွားခြင်း ဖြစ်သည်။

မှ Eleven Media Group

SHARE THIS
Previous Post
Next Post