နယ်သာလန်ဘုရင်မ ဘီထရစ် ထီးနန်းစွန့်မည်



Photo

နယ်သာလန်ဘုရင်မ ဘီထရစ်သည် ယခုအခါ သူမ၏ထီးနန်းကို စွန့်လွှတ်တော့မည် ဖြစ်ကြောင်း ကမ္ဘာသိ ကြေညာခဲ့သည်။ ဘုရင်မ နန်းစွန့်ပြီးနောက် သူမ၏ အရိုက်အရာကို သားကြီးဖြစ်သူ မင်းသား ဝီလျံအလက်ဇန္ဒားထံ လွှဲအပ်ပေးရန်လည်း ဆုံးဖြတ်ခဲ့သည်။ တနင်္လာနေ့ ညနေပိုင်းက ဘုရင်မသည် တစ်နိုင်ငံလုံးသို့ ဝီလျံသည် ဘုရင်အသစ် ဖြစ်လာတော့မည်ဆိုသော သတင်းကို အတည်ပြု အသိပေးခဲ့သည်။

"ကျွန်မရဲ့ သားကို ထီးနန်း လွှဲအပ်ဖို့အတွက် အကြီးမြတ်ဆုံး ယုံကြည်စိတ်ချမှုမျိုး ရှိနေပါတယ်" ဟု ဘုရင်မက မိန့်ကြားခဲ့သည်။ သူမက "ဝီလျံနဲ့ မင်းသမီး မက်ဆီမာတို့ဟာ သူတို့ရဲ့ အလုပ်တာဝန်တွေအတွက် ပြင်ဆင်နေပါပြီ။ သူတို့ရဲ့ ကိုယ်ပိုင် အရည်အသွေးကို အခြေခံပြီး တော်ဝင်စုံတွဲဟာ ကိုယ်ပိုင် စိတ်ကူးအမြင်တွေနဲ့ ထီးနန်းရေးရာကို ချဉ်းကပ် လုပ်ဆောင်ပါလိမ့်မယ်" ဟုလည်း ဆိုသည်။

သူမက "ပြည်သူတွေနဲ့ နောက်ထပ်လည်း မကြာခဏ တွေ့ဆုံနေဖို့ မျှော်လင့်ပါတယ်။ တကယ်တော့ နယ်သာလန်ကို နှစ်ပေါင်းများစွာ ဘုရင်မအဖြစ် တာဝန်ယူခွင့် ရလာတဲ့အတွက် ကျွန်မ အရမ်းဂုဏ်ယူသလို ယုံကြည်မှုလည်း ပြည့်ဝခဲ့ပါတယ်" ဟုလည်း မိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆိုသွားသည်။ ဘီထရစ်သည် ဝီလျံကို ဧပြီလ (၃၀) ရက်နေ့တွင် ထီးနန်း အတည်ပြု လွှဲအပ်ကာ ဘုရင်အဖြစ် ဘိသိက်မြှောက် ခံယူစေမည် ဖြစ်သည်။

"ကြာသပတေးနေ့မှာ ကျွန်မရဲ့ အသက် (၇၅) နှစ်ပြည့် မွေးနေ့ပွဲကို ကျင်းပပါမယ်။ ကျွန်မအနေနဲ့ ခုထိ ကျန်းမာနေတာ ကျေနပ်စရာပါ။ နယ်သာလန်ဟာ ဒီနှစ်ကုန်မှာ သက်တမ်း နှစ်ပေါင်း (၂၀၀) ပြည့်မြောက်မှာ ဖြစ်ပါတယ်။ ကျွန်မ ထီးနန်းစွန့်ချိန်မှာ အဲဒီကိစ္စ နှစ်ခုကတော့ အမှတ်ရစရာအဖြစ် တည်ရှိနေမှာပါ" ဟုလည်း ဘုရင်မကြီးက ပြောဆိုသွားသည်။ သူမသည် နယ်သာလန် ထီးနန်းကို (၁၉၈၀) ပြည့်နှစ်က စတင်တာဝန်ယူခဲ့ပြီး စည်းမျဉ်းခံ ဘုရင်စနစ်ဖြင့် နယ်သာလန် ဘုရင်မအဖြစ် နှစ်ပေါင်း (၃၀) ကျော် ကြာအောင် စိုးစံခဲ့သည်။
By Planet Originally

SHARE THIS
Previous Post
Next Post