မြို့တော်ဝန်ဖိတ်ကြားမှုကြောင့် အီတလီသို့သွားရောက်မည့် မစုစုနွေး

ဝင့်သင်ဇာကျော် (မြစ်မခ) by Myit Makha Mediagroup on 1 Jan, 2013 အီတလီနိုင်ငံမှ လယ်သမားများ၏ ရပိုင်ခွင့်အပါအ၀င် ၄င်းနိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများအား တောင်သူလယ်သမား သမဂ္ဂပေါ်ပေါက်ရေးအဖွဲ့မှ မစုစုနွေးမှာ လာမည့် ၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းတွင် အီတလီနိုင်ငံသို့ သွားရောက်လေ့လာမည်ဖြစ်သည်။ မစုစုနွေးသည် အီတလီနိုင်ငံသို့ သွားရောက်မည့်အကြောင်းအရင်းမှာ အီတလီနိုင်ငံ မြို့တော်ဝင်မှ အလည်လာရန် နိုဝင်ဘာလအတွင်းတွင် ဖိတ်ခေါ်ခြင်းကြောင့်ဖြစ်သည်ဟု မစုစုနွေးက ဆိုသည်။ “ကျွန်မကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဆို ပြည်ပကို ဘယ်တော့မှ မသွားပါဘူး။ ဖိတ်ခေါ်တယ်ဆိုရင် လေယာဉ်ခတို့ အခြားကုန်ကျစရိတ်တွေကို ခေါ်တဲ့သူက ပေးမှသွားမှာပါ။ နိုဝင်ဘာလပိုင်းမှာ အီတလီအစိုးရ မြို့တော်ဝန်ကနေ ၂၀၁၃ခုနှစ် နှစ်ဦးပိုင်းမှာ လာဖို့ ဖိတ်ခေါ်တာပါ” ဟု မြန်မာနိုင်ငံ လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂပေါ်ပေါက်ရေးမှ မစုစုနွေးက ပြောသည်။ အီတလီနိုင်ငံသို့ရောက်ပါကလည်း အဆိုပါနိုင်ငံ၏ လယ်လုပ်ကိုင်သူများအပေါ် ပေးထားသော အခွင့်အရေးနှင့် နည်းပညာများကို သွားရောက်လေ့လာအုံးမည်ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။ “နိုင်ငံတကာမှာ လယ်သမားတွေကို ဘယ်လိုပို့ချပေးနေတယ် ၊ လယ်ယာကဏ္ဍကို ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတယ်ဆိုတာတွေကိုပါ အဲ့ဒီက လယ်သမားတွေနဲ့ တွေ့ပြီး ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်” ဟု မစုစုနွေးက ပြောသည်။ လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးရှိ မြောင်းမြမြို့တွင် စပါးစိုက်တောင်သူများနှင့် ပဲ ၊ နှမ်းစိုက်သူ များမှာ အရည်အသွေးမမီသော ဓာတ်မြေသြဇာများ သုံးစွဲမိခြင်းကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးခြင်း နှင့် ကြုံတွေ့လျက်ရှိကြောင်း၎င်းထံက သိရှိရသည်။ အချို့သောမြို့နယ်များတွင် တောင်သူလယ်သမားများ၏ လယ်ယာမြေများကို အစိုးရမှ သိမ်းယူပြီး စီမံကိန်းများ ပြုလုပ်ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိခြင်းကြောင့် လယ်သမားအချို့မှာ အလုပ်လက်မဲ့ ဖြစ်လျက်ရှိသည်ဟု တောင်သူလယ်သမားအချို့ထံမှ သိရှိရသည်။ မြန်မာနိုင်ငံအတွင်းရှိ တောင်သူလယ်သမားများ ဆုံးရှုံးနေသည့် အခွင့်အရေးများကို ပြန်လည်ရရှိနိုင် ရေးအတွက် အစိုးရအား စောင့်မျှော်နေခြင်းမျိုး ပြုလုပ်မနေဘဲ တောင်သူလယ်သမားများ စုစည်းကာ ၀ိုင်းဝန်းတောင်းဆိုသင့်သည်ဟု မစုစုနွေးက အကြံပြုပြောဆိုခဲ့သည်။

SHARE THIS
Previous Post
Next Post