ကချင်စစ်ပွဲကြောင့် ထိခိုက်ဒဏ်ရာရသူ ပြည်သူတစ်ဦး ဆာကူရာ၌ ခွဲစိတ်မှုခံယူနေရ

ရန်ကုန်၊ ဇန်နဝါရီ ၁၅။ ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်း တပ်မတော်နှင့် ကေအိုင်အေတို့ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုကြောင့် ဒဏ်ရာအခြေအနေပြင်းထန်သော ဦးခေါဘောမ်သည် ရန်ကုန်မြို့ရှိ ''ဆာကူရာ'' အထူးကုဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း သိရသည်။ ဦးခေါဘောမ်သည် အနီးတွင် ဗုံးဆန်ကျရောက် ပေါက်ကွဲမှုကြောင့် ၄င်းအတူ ပြည်သူလေးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရပြီး ၎င်းသည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဆာကူရာ ဆေးရုံ၌ ၅ နာရီကြာ ခွဲစိတ် ကုသမှုခံယူရကြောင်း သိရသည်။ “ကျောင်းဆင်းချိန်မှာ ကလေးကျောင်းကြိုဖို့ အသွား အနားကို လက်နက်ကြီးကျည် ကျပြီး ပေါက်ကွဲတယ်။ အဲဒီမှာ ကျွန်တော် လွင့်စင်သွားပြီး ကျွန်တော့် ခန္ဒာကိုယ် နေရာအနှံကို ဗုံးဆန်တွေ ထိမှန်ခဲ့တယ်” ဟု ဦးခေါဘောမ်က ၎င်းထိခိုက်ဒဏ်ရာရရှိခဲ့ပုံအား မြန်မာ့ခေတ်သို့ ပြောကြားသည်။ ခန္ဒာကိုယ်အနှံအပြား ဗုံးဆန်များ ထိမှန်ခဲ့သည့်အပြင် ချိုင်းကြားသို့ ဗုံးစများ ထိမှန်ခဲ့သောကြောင့် အာရုံကြော များထိခိုက်ခဲ့ပြီး ဝဲဘက်လက် လှုပ်ရှားမှုရပ်တန့် သွားခဲ့ကြောင်းနှင့် ရန်ကုန်သို့ ရောက်ရှိချိန်တွင်လည်း လက်ဒဏ်ရာ ပိုမိုဆိုးရွားလာသဖြင့် ယခုကဲ့သို့ ခွဲစိတ်ကုသရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ''အရင်လို ပြန်ကောင်းလာရင် ဝမ်းသာရမှာပေါ့၊ စီးပွားရေးလုပ်ပြီး မိသားစုကို ရှာကျွေးနိုင်တယ်လေ၊ လက်တစ်ဖက်နဲ့လုပ်တာနဲ့ နှစ်ဖက်နဲ့လုပ်တာ မတူဘူးလေ၊ ဆရာဝန်ကလဲ ပြန်ကောင်းလာမယ် လို့ပြောပါတယ်။''ဟု ဦးခေါဘောမ်က ခွဲစိတ်ကုသမှုအပေါ် ၄င်း၏ မျှော်လင့်ချက်အား ပြောကြားသည်။ ခွဲစိတ်မှုအတွင်း ဒဏ်ရာမှ ဗုံးဆန် ၁၇ စရှာဖွေတွေ့ရှိခဲ့ပြီး ဗုံစများအား အလုံးစုံထုတ်ယူ၍ မရသေးကြောင်း ဆရာဝန်များက ပြောကြားခဲ့ သည်ဟု ထပ်မံသိရသည်။ ခွဲစိတ်ကုသမှုတွင် ငွေကြေးအခက်အခဲများရှိသဖြင့် မေတ္တရှင် ဆရာတော်ဦးဇဝနမှ ကုန်ကျစရိတ်အား တာဝန်ယူပေးမည်ဟု ပြောဆိုထားကြောင်း၊ ယခင် မြစ်ကြီးနားဆေးရုံတွင် ပြသခဲ့ သော်လည်း တစ်စုံတရာ မဖြစ်နိုင်ဟုဆိုကာ ခွဲစိတ်မှုမပြုခဲ့သော် လည်း ဒဏ်ရာမှာ သွေးလည်ပတ်မှုအားနည်းနေပြီး ကိုက်ခြင်း၊ ထုံခြင်းများဖြစ်ပေါ်လျက်ရှိနေကြောင်းနှင့် ယခုအခါ ခွဲစိတ်မှုမပြုပါက ဖြတ်ရသည်အထိဆိုးရွားနိုင်သဖြင့် ခွဲစိတ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးခေါဘောမ်က ဆက်လက်ပြောကြားသည်။ ခွဲစိတ်မှုနှင့်ပတ်သက်ပြီး အောင်မြင်မှုအတိုင်းအတာကို သိရှိရန် ခွဲစိတ် ဆရာဝန်အား တွေ့ဆုံခွင့်တောင်းခဲ့သော်လည်း ''ယခုလောလောဆယ် မအားသေးလို့၊မတွေ့နိုင်သေးဘူး''ဟု ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက တဆင့်ပြောကြားသည်။ အစိုးရနှင့်ကေအိုင်အေ တို့ကြား တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် နှစ်ဖက်စစ်သားများအပြင် အပြစ်မဲ့ပြည်သူများပါ ထိခိုက်ဒဏ်ရာရခြင်း ၊ အသက်ဆုံးရှုံခြင်းမျာ ဖြစ်ပွားခဲ့ရပြီး စားဝတ်နေရေးနှင့် လူ့အခွင့် အရေးများဆုံးရှုံးလျက်ရှိကြောင်းနှင့် ဆွေးနွေးညှိနှိုင်းမှုများ အကြိမ်ကြိမ် ပြုလုပ်နေသည့်ကြားမှ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းအပေါ် ပြည်သူများ၏ ဆန္ဒကို ပြန်ကြည့်သင့်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။မှ The Myanma Age

SHARE THIS
Previous Post
Next Post