မန္တလေးမြို့ စက်မှုဇုန်များနှင့် မြို့အတွင်းရှိ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာမှုများအား တိုင်းတာ စစ်ဆေးသွားမည်

Sunday, 13 January 2013 11:41 မန္တလေးမြို့ရှိ စက်မှုဇုန်များနှင့် မြို့အတွင်း၌ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာနေမှု များအား သဘာဝပတ်ဝန်းကျင် တိုင်းတာစစ်ဆေးရေး ကိရိယာများနှင့် ဇန်န၀ါရီလ အတွင်းတွင် စတင်စစ်ဆေး သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိပါသည်။ အဆိုပါ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို တိုင်းတာ စစ်ဆေးသွားမည့် နေရာများမှာ မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ လုပ်ငန်းများနှင့် စက်မှုဇုန် လုပ်ငန်းများ၊ စက်ရုံ အလုပ်ရုံများတွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဆိုင်ရာ ကိစ္စရပ်များ၊ ပတ်ဝန်းကျင်ရှိ အများပြည်သူ လူထုမှ တိုင်ကြားထားသည့် ကိစ္စရပ်များအတွက် သတ်မှတ် စံနှုန်းများနှင့် ကိုက်ညီမှု ရှိ/မရှိကို တိုင်းတာစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။ “သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာနေမှုတွေက စက်မှုဇုန်တွေကို သွားကြည့်မယ်ဆိုရင် ပိုသိသာပါတယ်။ အနံ့၊ အမှုန်၊ အသံ စတဲ့ ပတ်ဝန်းကျင် ထိခိုက်လာမှုတွေ ပိုမိုများပြား လာတဲ့အတွက် အခုလို တိုင်းတာစစ်ဆေး သွားမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး အနေနဲ့ စက်မှုဇုန်တွေကို စတင်စစ်ဆေးနေပြီ ဖြစ်ပါတယ်။ အခုလို တိုင်းတာစစ်ဆေး ရတာဟာ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ရတာ ဖြစ်ပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေး ဌာနမှ ဌာနမှူး ဦးနေ၀င်းမြင့်က ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံမှ မှာယူ တင်သွင်းခဲ့သည့် သဘာဝ ပတ်ဝန်းကျင်ကို တိုင်းတာစစ်ဆေးမည့် ပစ္စည်းများမှာ အသံတိုင်းတာရေး ကိရိယာ၊ လေထုတိုင်းတာရေး ကိရိယာ၊ အမိုးနီးယား တိုင်းတာရေး ကိရိယာ (ရေခဲစက်၊ ဓာတ်မြေသြဇာ ထုတ်လုပ်မှု)၊ အာဆင်းနစ်တိုင်း ကိရိယာ (ရေတွင်ပျော်ဝင်မှု တိုင်းခြင်း)၊ ဆိုင်ရာနိုက်တိုင်း ကိရိယာ (သံမဏိစက်ရုံ၊ စတီးလုပ်ငန်း၊ ချည်ဆိုးဆေး လုပ်ငန်း၊ အော်ဂဲနစ် သန့်စင်ခြင်း)၊ သံဓာတ် တိုင်းတာရေး ကိရိယာ (စက်မှုဇုန်၊ သတ္တုတွင်း၊ စိုက်ပျိုးရေးလုပ်ငန်း) စသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် တိုင်းတာ စစ်ဆေးသွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ အခြေအနေတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသော်လည်း နိုင်ငံတကာမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေများနှင့် အညီ တိုင်းတာ စစ်ဆေးသွားမည်ဟု သိရှိရသည်။ အရက်ချက်စက်ရုံ တစ်ခုမှ စွန့်ထုတ်ထားသည့် ရေဆိုးများအား တွေ့မြင်ရစဉ် မှ Eleven Media Group

SHARE THIS
Previous Post
Next Post