တိုက်တေနီယမ်ရှာဖွေမှုကြောင့် အငူမော်ခြေဒေသ၌ ကမ်းပါးပြိုမှုများ ကြုံတွေ့လာ


မိုးဝေ - ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup on 24 Jan, 2013
ရခိုင်ပြည်၊ မောင်တောမြို့နယ် ကမ်းခြေတစ်လျှောက်တွင် ရှားပါးတိုက်တေနီယမ် သတ္တုပါသည့် သဲများအားတူးဖော်စမ်းသပ်ခဲ့မှုများကြောင့် ကမ်းခြေဒေသများ၌ ကမ်းစပ်ပြိုမှုများကြုံတွေ့နေရ ကြောင်း  ဒေသခံတို့က ဆိုသည်။
ကမ်းခြေက သဲတွေကို တူးပြီးစမ်းသပ်ခဲ့တဲ့အတွက် တစ်ဖက်မှာ ဘာဖြစ်လဲဆိုတော့ ကမ်းစပ်တွေ ပြိုတယ်။  လယ်ကွင်းသို့ ရေကျော်တယ်။  ကမ်းနားတစ်လျှောက်သဲတွေတူးတော့ ကမ်းတွေက ရေတိုက်စားလာတယ်။ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။
ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေ  ဒုံးပိုက်အုပ်စုအတွင်းရှိ သဲသောင်ပြင်မှာ ၃မိုင်ရှည်ပြီး  ပင်လယ်ကမ်းခြေရှိ သဲများကို   နေရောင်ခြည်အောက်တွင် ကြည့်လျှင် ငွေရောင်လင်းလက်နေသဖြင့် သတ္တုများပါဝင်နိုင်သည့်အတွက် စမ်းသပ်မှုများ   ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ ပင်လယ်ကမ်းခြေ အနီးရှိ သဲများကို ၂၀၀၇ ခုနှစ်တွင် တရုတ် ကုမ္ပဏီတစ်ခုမှ  တစ်နှစ်လုံးနီးပါး စမ်းသပ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း တရုတ်ကုမ္ပဏီတစ်ခုမှ အဆိုပါဒေသအတွင်းရှိ သဲများအား စမ်းသပ်မှုများပြုလုပ်ခဲ့ရာ  ရသေ့တောင်မြို့နယ် ဒုံးပိုက်၊ ကိုးတန်ကောက်၊ မောင်တောမြို့နယ် သဝင်ချောင်း၊ ဇော်မတက် စသည့် ဒေသများတွင် တိုက်တေနီယမ်ပါ သဲများ တွေ့ရှိကြောင်းသိရသည်။
ထိုစမ်းသပ်မှုများအရ ယူရေနီယမ်၊ တိုက်တေနီယမ်၊ ဇိုင်ကိုနီယမ်အပါအဝင် အခြားဓာတ်သတ္တုပေါင်း ၂၀ ကျော်ပါဝင်တွေ့ရှိရသည်ဟု   ပြည်ပအခြေစိုက် မီဒီယာမှ ထုတ်လွင့်မှုအရ သိရသည်။
စမ်းသပ်ခဲ့တဲ့ သဲတွေကို အငူမော်ကနေ ရေချမ်းပြင်သို့ပို့တာ တွေ့ရတယ်။  ၂၀၀၇ခုနှစ်က  တရုတ်ကုမ္ပဏီတစ်ခုကနေပြီး ပင်လယ်ကမ်းစပ်နဲ့ လယ်ကွင်းကြားမှာ ရှိတဲ့ သဲခုံတွေကို စက်တွေနဲ့ တူးတယ်။  မြေတွေလည်း ကွင်းတွေ ဖြစ်သွားတော့ လှိုင်းတွေက လယ်ကွင်းထိ တက်လာတယ်။ ကမ်းစပ်မှာရှိတဲ့ အပင်တွေလည်း သေတယ်။ ကမ်းတွေလည်း ပြိုတယ်။’’ဟု ဒုံးပိုက်ကျေးရွာ အုပ်ချုပ်ရေးမှူး  ဦးသိန်းကျော်က ဆိုသည်။
သဲတွင်ပါရှိသည့် တိုက်တေနီယမ်သတ္တု ထုတ်လုပ်နိုင်ခွင့်ရရှိနိုင်ရန်အတွက် ပြည်တွင်း အခြေစိုက် Gold Finder ကုမ္ပဏီမှ   ပြည်ထောင်စုအစိုးရအပြင် ပြည်နယ်အစိုးရအဖွဲ့နှင့်လည်း ညှိနှိုင်းဆွေးနွေးလျှက်ရှိကြောင်း သိရသည်။ 
အမေရိကန်မှ ထုတ်ပြန်သည့် မဟာဗျူဟာမြောက်ပစ္စည်းစာရင်းဝင် တိုက်တေနီယမ်သတ္တုမှာ အထူးသဖြင့် လက်နက်ထုတ်လုပ်သည့်နေရာ၊ တင့်ကား၊ တိုက်လေယာဉ်နှင့် အခြားစက်ပစ္စည်း အမျိုးမျိုးထုတ်လုပ်ရာ၌ အသုံးဝင်သည့်ရှားပါး သတ္တုတစ်မျိုးဖြစ်သည်။

SHARE THIS
Previous Post
Next Post