အီတလီ နိုင်ငံ၌ ရှေးခေတ် ရောမ လူမျိုးတို့၏ အနုပညာ ဇာတ်ရုံတစ်ရုံ ရှာဖွေ တွေ့ရှိ


အီတလီ နိုင်ငံ ရောမမြို့ရှိ သွားလာမှု များပြားရာ ပီအက်ဇာ ဗီနီဇီးယား အရပ်ရှိ မြေအောက် နေရာ တစ်ခု၌ ရှေးခေတ် ရောမ လူမျိုးတို့၏ အနုပညာ ဇာတ်ရုံတစ်ခုအား ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။

လူပေါင်း ၉ဝဝ ဆန့်သော ၎င်းအနုပညာ ဇာတ်ရုံကြီးအား ဟေဒရီရန် အင်ပါယာ လက်ထက်တွင် တည်ဆောက် အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ၎င်းဇာတ်ရုံကြီးအား မြို့တော်၏ မြေအောက် မီးရထား လိုင်းသစ် စီမံကိန်း တစ်ခု တည်ထောင်ရန် တူးဖော်နေစဉ် အတွင်း ရှာဖွေ တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

ရှေးခေတ် ရောမ လူမျိုးတို့သည် ကဗျာ၊ လင်္ကာများ နားထောင်နိုင်ရန် အတွက် အဆိုပါ ဇာတ်ရုံ အတွင်း၌ စုရုံး ခဲ့ကြသည်။

၎င်းဇာတ်ရုံ၌ ခန်းမကြီး သုံးခန်း ပါဝင်ပြီး ၎င်းတို့ အနက်မှ တစ်ခန်းအား ၁၆ရာစုမှ ၁၉ ရာစုနှစ် အတွင်းက ဆေးရုံတစ်ရုံ၏ မြေအောက်ခန်းအဖြစ် အသုံးပြုခဲ့ကြောင်း ရှေးဟောင်း သုတေသန ပညာရှင် များက ရှင်းပြခဲ့သည်။

အဆိုပါ ဇာတ်ရုံကြီးသည် ရောမမြို့၌ ရှာဖွေ တွေ့ရှိခဲ့သည့် ဇာတ်ရုံများ အနက် အကြီးမားဆုံး ဖြစ်ကြောင်း ပညာရှင် တစ်ဦးဖြစ်သူ ရိုးစ်ဆဲလာ ရီယာက ပြောကြားခဲ့သည်။

ထို့အပြင် ၁၉ ရာစု အတွင်းက မြို့တော်၌ ငလျင် လှုပ်ခတ်မှုကြောင့် ယင်းအဆောက် အအုံ၏ ခေါင်မိုး ကြီးသည် ခန်းမတစ်ခန်း ပေါ်သို့ ပြိုကျခဲ့ရာ ယင်းခေါင်မိုးသည် ၎င်းနေရာ၌ ယနေ့တိုင် တည်ရှိလျက် ရှိကြောင်း ကျွမ်းကျင် သူများ က ပြောကြားခဲ့သည်။

အာဏာပိုင်များ အနေဖြင့်လည်း ထိုကဲ့သို့ ရှေးဟောင်း ဇာတ်ရုံကြီးအား ရှာဖွေတွေ့ရှိ ခဲ့ခြင်း ကြောင့် ၎င်းနေရာ၌ မြေအောက် မီးရထားလမ်း တည်ဆောက်မည့် အစီအစဉ်အား ပြောင်းလဲ သွားမည် ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/3286-2013-01-01-11-18-29

SHARE THIS
Previous Post
Next Post