တိုက်ပွဲကြောင့် မန်းကျောက်ဝိုင်း၌ ကျောက်စိမ်းဈေးမြင့်နေ



မောင်ယဉ်ကျော် (မြစ်မခ)
by Myit Makha Mediagroup on 1 Jan, 2013


ကချင်ပြည်နယ် ဖားကန့်ဒေသ၌ တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် ကျောက်မျက်တူးဖော်ခြင်းလုပ်ငန်းများ ရပ်နားထား၍   ဈေးကွက်မှာ မြင့်တက်လျှက်ရှိကြောင်း သိရှိရသည်။
 
"တိုက်ပွဲတွေဖြစ်နေတော့ ကျောက်တူးလုပ်ငန်းတွေ ရပ်ထားရတယ်။ ရပ်နားထားတော့ အထွက်နှုန်းလည်း ကျတယ်။ ဈေးကွက်လည်း မြင့်တက်လာခဲ့တယ်"ဟု မိုးကုတ်မြို့မှ ဒေသခံတစ်ဦးက ပြော သည်။
 
ကျောက်စိမ်းထွက်ရှိမှု လျော့နည်းလာခြင်းကြောင့် နိုင်ငံအတွင်းရှိ ကျောက်စိမ်းဈေးကွက်များတွင် အရည်သွေးကောင်းပစ္စည်း ရှားလာခြင်းကြောင့် အရည်သွေးကောင်းသောကျောက်များ ဈေးတက် လာကြောင်း မန္တလေးကျောက်ဝိုင်းမှကျောက်ပွဲစားများက သုံးသပ်ပြောဆိုသည်။
 
"ကျောက်အထွက်နည်းပြီဆိုရင် ဈေးကွက်မှာ ကျောက်ရှားမယ်။ အရောင်းအ၀ယ် အေးမယ်။ ရေဆေး ကျောက်ရှာသူလောက်ပဲ ရှိတော့ ကျောက်စိမ်းဈေးကွက်မြင့်တက်လာတယ်"ဟု မန္တလေး ကျောက်ဝိုင်း အတွင်းမှ ကျောက်ပွဲစား ကိုမင်းဦးက ပြောသည်။
 
ဖားကန့်ဒေသသည် ကျောက်မျက်ထွက်ရှိရာ ဒေသကြီးတစ်ခုဖြစ်ပြီး မြန်မာအစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်အကြား တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် သထ္ထုတွင်းဝန်ကြီးဋ္ဌာနက ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းအား ရပ်နားထားခြင်းဖြစ်သည်။
 
အဆိုပါဒေသတွင်း ကျောက်တူးဖော်ခြင်းကုမ္ပဏီလုပ်ငန်းများမှာလည်း လုပ်ငန်းရပ်နား၍ တနိုင်တပိုင် ရေမဆေးကျောက် ရှာသူများသာ လုပ်ကိုင်လျှက်ရှိကြောင်း သိရှိရသည်။
 
“ကုမ္ပဏီတွေအနေနဲ့က လုပ်ခွင့်မပေးလို့ မလုပ်ကြရဘူး၊ ဒေသခံတွေကတော့ နှစ်ယောက်ပေါင်း သုံးယောက်ပေါင်း ကျောက် ရှာကျောက်တူး ထွက်ကြတာပေါ့၊ကျောက်ကုန်သည်အများစုက မှော်ထဲ မရောက်ပဲဖားကန့်မှာတင် အရောင်းအ၀ယ်လုပ်ကြတယ်”ဟု ဖားကန့်မှကျောက်ကုန်သည် ဦးစောအောင်က ပြောသည်။
 
 
ဖားကန့်ဒေသမှ ထွက်ရှိသော ကျောက်မျက်များကို ဖားကန့်၊ မန္တလေး၊ မူဆယ်မြို့များသို့ ကူးသန်း ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

SHARE THIS
Previous Post
Next Post