အလောင်းတော်ကဿပ ဘုရားဖူးများ သိရှိလိုက်နာရန် အမျိုးသားသစ်တောဥယျာဉ်မှ စည်းကမ်း ချက်များထုတ်ပြန်

10.1.2013

သမိုင်းဝင်တန်ခိုးကြီးဘုရားများ များစွာရှိသည့်အနက် တစ်နှစ်မှတစ်ရာသီသာလျင် သွားရောက်ဖူးမျှော် ကြည်ညိုခွင့်ရရှိနိုင်သော အလောင်းတော်ကဿပ ဘုရားကိန်းဝပ်တည်ရှိရာသို့သွားရောက်မည်ဆိုလျင် စစ်ကိုင်း တိုင်းဒေသကြီး မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်မှ ထုတ်ပြန်ထားရှိသော စည်ကမ်းချက်များအားလိုက်နာရန် အရေးကြီသည်ဟု မုံရွာအခြေစိုက် ဘုရားဖူးလုပ်ငန်းအကျိုးဆောင် တစ်ဦးက ပြောကြားသည်။
“ ဘုရားဖူးတွေ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်နဲ့ စိတ်အေးချမ်းသာစွာ ဘုရားဖူးသွားလာနိုင်ရေး အတွက် အခုလို စည်းကမ်းချက်တွေထုတ်ပြန်ပေးတာဖြစ်နိုင်တယ်လို့ ထင်မြင်ယူဆမိရပါတယ်”ဟု ၎င်း ဘုရားဖူး လုပ်ငန်းအကျိုးဆောင်နေသူက ဆက်လက်၍ ပြောပြသည်။
အဆိုပါ အလောင်တော်ကဿပအရှင် ကိန်းဝပ်တည်ရှိရာဒေသသည် တောတောင်အလွန်ထူထပ်၍ လမ်း ပန်း ဆက်သွယ်မှု အခက်အခဲများစွာရှိသဖြင့် ဒေသခံ အမျိုးသားသစ်တောဥယျာဉ်မှ ကုသိုလ်ဖြစ်ကြပ်မတ်ဆောင် ရွက်ပေးမှုဖြင့်သာ အရောက်သွားလာနိုင်ခြင်းဖြစ်ကြောင်းသိရသည်။
အလောင်းတော်ကဿပ ဘုရားဖူးများသည် မည်သည့်လမ်းကြောများမှလာရောက်ခဲ့သည်ဖြစ်စေ ကပိုင် ဂိတ်မကြီးသို့ဖြတ်ကျော်ပြီးမှ သွားရောက်နိုင်သည်။ ယင်း ကပိုင် ဂိတ်မကြီးသည် နေ့စဉ် နံနက်(၄) နာရီတွင်စတင် ဖွင့်လစ်ပြီး ညနေ(၅)နာရီအချိန်တွင် ဂိတ်ပြန်လည်ပိတ်ကြောင်းသိရသည်။ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာရောက် သော ဘုရားဖူးကားများသည် ဂိတ်ပိတ်ချိန်ကာလအတွင်း တည်းခိုနားနေနိုင်ရန် ကပိုင်ကျေးရွာနှင့်ကပ်လျက်ရှိ သော သီးကုန်းကျေးရွာ မဟာဝိသုဒ္ဓါရာမကျောင်းတိုက်တွင် ညအိပ်ရပ်နားစခန်းများ စီစဉ်ထားရှိကြောင်းသိရ သည်။
“ကပိုင်ဂိတ်ဆိုတာက တောင်ခြေမှာပဲရှိပါတယ်။ အဲဒီဂိတ်ကျော်ပြီဆိုရင်တော့ တောင်တက်၊တောင်ဆင်း တွေနဲ့ အမျိုးသားသစ်တောဥယျာဉ်ကြီးကို စတင်ဖြတ်သန်းသွားရတော့တာဖြစ်ပါတယ်”ဟု အောင်ကမ္ဘာ ကားအ သင်းမှ ဂိတ်တာဝန်ခံ ကိုစိုးနိုင်က ပြောပြသည်။
ဘုရားဖူးသွားရာလမ်းတလျောက်တွင် ဧရာမသစ်တောကြီးများကို အတန်တန်ကျော်ဖြတ်ကာ ခက်ခဲစွာသွား ရောက်ရသည့်အတွက် သစ်တောကြိုးဝိုင်းများမှ ဂိတ်စခန်းများဖွင့်ကာ ယာဉ်အ၀င်အထွက်၊ ခရီးသည်အ၀င်အ ထွက်နှင့် ယာဉ်ကြံ့ခိုင်မှုရှိမရှိအား စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
“ သစ်တောကြိုးဝိုင်းထဲမှာရှိတဲ့ ဂုံညင်းပင်ဂိတ်စခန်းကတော့ မနက်(၅)နာရီမှာ ဂိတ်စတင်ဖွင့်ပြီး ညနေ(၆) နာရီမှာ ဂိတ်ပြန်ပိတ်ပါတယ်”ဟု ဘုရားဖူး၍ ပြန်လာသူ တစ်ဦးက ပြောပြသည်။
အလောင်းတော်ကဿပ ဘုရားဖူးယာဉ်များနှင့်ပတ်သက်၍ ထုတ်ပြန်သတ်မှတ်ထားသော စည်းကမ်းချက် များအား သိရှိလိုသဖြင့် ကပိုင်ဂိတ်မကြီးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက “ တောင်တက်တောင် ဆင်းမြေသားလမ်းတွေဖြစ်တာကြောင့် ယာဉ်ကြံ့ခိုင်မှုနဲ့ ခရီးသည်အရေးအတွက်ကို အဓိကထားစီစဉ်ပေးနေတာ ဖြစ်ပါတယ်။ တစ်တန်ခွဲယာဉ်ဆိုရင် ခရီးသည် ၂၅ ဦး၊ နှစ်တန်နဲ့ နှစ်တန်အထက်ယာဉ်တွေကိုတော့ ခရီးသည် ၄၅ ဦးဆိုပြီးသတ်မှတ်ပေးထားတာဖြစ်ပါတယ်။ ယာဉ်ကြံ့ခိုင်မှုမရှိဘူးဆိုရင်တော့ တောင်ပေါ်တက်ရောက်ခွင့် လုံးဝ ခွင့်မပြုပါဘူး”ဟု ၎င်းက တုန့်ပြန်ပြောကြားသည်။
အလောင်းတောင်ကဿပ ဘုရားဖူးသွားရာလမ်းသည် သဘာဝသစ်တောကြီးများနှင့် တိရစ္ဆာန်မျိုးစုံခိုလုံရာ ဘေးမဲ့တောကြီးဖြစ်သည့်အတွက် ညအချိန်တွင် ခရီးသွားလာခွင့်အား တားမြစ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

အေးချမ်းမွန်မှ   Monywa Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

မှ Monywa Times

SHARE THIS
Previous Post
Next Post