ဖားကန့်ဒေသ တိုက်ပွဲတွေဆက် ဒေသခံတွေ အမြာက်အများ နယ်စပ်ပြေး

Wednesday, January 16, 2013

ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာ
အုပ်စု တော်မှော်၊ လမောင်ကုန်း စတဲ့ ရွာတွေတစ်ဝိုက်မှာ အစိုးရတပ်နဲ့
ကေအိုင်အေတပ်တွေ ဒီကနေ့မနက်ပိုင်း ၁၁နာရီလောက်ကစပြီး
တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး အခုဆိုရင် အစိုးရတပ်တွေဟာကေအိုင်အေ
တပ်ရင်း ၆အခြေစိုက်ရာ ကံစီးကျေးရွာရဲ့ လေးမိုင်ပတ်ဝန်းကျင်
လောက်အထိ ရောက်ရှိနေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်သံတွေ အခုရက်ပိုင်းအတွင်း
နေ့စဉ်ဆိုသလို ကြားနေရတဲ့အတွက် ကံစီးပတ်ဝန်းကျင်နားက လီးဆူး
တိုင်ရင်းသားတွေ အခြေချနေထိုင်တဲ့ ဗော်ဇာဒီးကျေးရွာတစ်ရွာလုံး
နီးပါး ဒီကနေ့ ၁၂နာရီလောက်က လုံးခင်းကျေးရွာကို ပြောင်းရွှေ့ခဲ့တယ်လို့
ပြောင်းရွှေ့တဲ့ထဲမှာပါတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

ဒီကနေ့ ညနေပိုင်း ၃နာရီလောက်က အစိုးရ ရဟတ်ယာဉ်နှစ်စီး လုံးခင်းကျေးရွာပေါ်ကနေ ဝေ့ဝိုက်ပျံသန်းခဲ့ပြီး အစိုးရစစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်သံတွေကိုလည်း ကြားရတယ်လို့ လက်ရှိ
အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ လုံးခင်းဒေသခံတစ်ဦးက RFA ကို ပြောပြပါတယ်။

လက်ရှိအခြေအနေတွေကြောင့် လုံးခင်းနဲ့ မှော်စီစာ ကျေးရွာက ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုးသားချင်းအိမ်တွေကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ပိုမိုများပြားလာပြီး အဲဒီ့စစ်ဘေးရှောင်ပြည်သူ
တွေကို လုံးခင်း NLD ပါတီဝင်တွေနဲ့ ဒေသခံပြည်သူတွေက အကူအညီပေးနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ကေအိုင်အို ဌာနချုပ်ရှိတဲ့ တရုတ်-မြန်မာနယ်စပ် လိုင်ဇာဘက်မှာ အခုရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံပြည်သူ တစ်သောင်းကျော်လောက် လုံးခင်းဒေသကို ထွက်ပြေးတိမ်းရှောင်နေရ
ပါတယ်။

RFA Burmese

SHARE THIS
Previous Post
Next Post