အဓိကလမ်းမကြီးများ၌ အချက်ပြ အမှတ်အသားများအား ရေးဆွဲသွားမည်



မင်းမင်းလတ်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup on 2 Jan, 2013



မန္တလေးမြို့ပေါ်ရှိ အဓိက မိန်းလမ်းမကြီးများ၌ဆိုင်ကယ်မောင်းနှင်မှုများအား ဘယ်ဖက်ယာဉ်ကြောကို အသုံးမပြုပဲ ညာဖက်ယာဉ်ကြောမှသာ မောင်းနှင်ကြရန် လမ်းမများပေါ်တွင်အချက်ပြအမှတ်အသားများအား ရေးဆွဲ သွားမည်ဖြစ်ကြောင်းမန္တလေးမြို့တော်စည်ပင်သာရာရေးကော်မတီ လမ်းတံတားဌာနမှ သိရသည်။
 
 
`` ယာဉ်စည်းကမ်းအတိုင်း ညာဖက်ကပဲမောင်းရမှာဖြစ်တယ် ၊ ဘယ်ဖက်ကတော့ကျော်တက်ဖို့အသုံးပြုတဲ့ အချိန်နဲ့ ကွေ့တဲ့ အချိန်ပဲ အသုံးပြုရမှာဖြစ်တယ်၊ ခုဟာ ဆိုင်ကယ်တွေတင်မကပဲ ကုန်တင်ယာဉ်တွေကပါ ဘယ်ဖက်ယာဉ်ကြောကနေမောင်းနေ ကြတဲ့အတွက် အခြား ယာဉ်မောင်းတွေအတွက် လမ်းပိတ်တာတွေ ဖြစ်စေတယ် ´´ဟု ဒေါ်ခင်မာဌေးက ပြောကြားခဲ့သည်။
 
 
ထိုကဲ့သို့အချက်ပြအမှတ်အသားများအား မန္တလေးမြို့ကျုံးဘေးပတ်လည်နှင့်ရန်ကုန်မန္တလေး လမ်းမကြီးအပါအ၀င် အခြား အဓိကလမ်းမများတွင်ပါသတ်မှတ် သွားမည်ဖြစ်ပြီး လာမည့် မတ်လအကုန်တွင် စတင်မည် ဖြစ်ကြောင်းသိရသည်။
 
`` စည်းကမ်းမလိုက်နာလို့ဖမ်းမယ်ဆိုရင် ယာဉ်ထိမ်းကပဲ ဖမ်းမှာပါ ၊ဒဏ်ငွေဘယ်လောက်ဆိုတာတော့ မသိ သေးဘူး ´´ ဟုဒေါ်ခင်မာဌေးက ဆက်လက်ပြောဆိုပြီးယခုလိုအစီအစဉ်များပြုလုပ်ရခြင်းမှာ  တိုင်းဒေသ ကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်း၏ လမ်းညွှန်ချက်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
 
အဆိုပါကိစ္စနှင့်ပတ်သတ်၍မန္တလေးမြို့ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကိုဆက်သွယ်မေးမြန်းရာ ၎င်းကထိုစီမံချက်သည် မတ်လကုန်ပိုင်းမှသာ စတင်မည်ဖြစ်ပြီး အရေးယူရန် နှင့်ဒဏ်ငွေချမှတ်ရန်မှာမူ မသတ်မှတ်ရသေးကြောင်းကို မြစ်မသို့ ပြောကြားခဲ့သည်။
 
 မော်တော်ဆိုင်ကယ်နှင့် အနှေးယာဉ်များကိုလမ်း၏ လက်ယာဖက်ယာဉ်ကြောမှကျော်လွန်မောင်းနှင်ခြင်း မပြုရန် အမိန့်ကြော်ငြာ ချက်ကို ၂၀၁၂ (၁)လပိုင်းက(၁၇)ရက်နေ့က မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက အမိန့်ကြော်ငြာစာအမှတ် (၁/၁၂)ဖြင့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပြီးစည်ပင်ဥပဒေတွင် စည်းကမ်းချိုးဖောက်ပါက ထောင်ဒဏ်(၃)လ (သို့) ငွေဒဏ်(၁)သောင်းကျပ် (သို့) ပြစ်ဒဏ်နှစ်မျိုးလုံးကို ကျခံရ နိုင်ကြောင်းဖေါ်ပြထားသည်။
 
 

SHARE THIS
Previous Post
Next Post