၁၀၅မိုင်ကုန်သွယ်ရေးစခန်အား ရှောင်ကွင်းဝင်ရောက်နေသည့် မှောင်ခိုပစ္စည်းများရှိလာ


နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )
by Myit Makha Mediagroup on 24 Jan, 2013



မူဆယ်-၁၀၅မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းအား ရှောင်ကွင်း၍ တရုတ်နိုင်ငံမှအချိုမှုန့်နှင့်ဆပ်ပြာမှုန့်များမှာ ရှမ်းပြည်မြောက်ပိုင်းမှတစ် ဆင့် မြန်မာနိုင်ငံအတွင်းသို့ လိုက်ထရပ်ကားများနှင့် မှောင်ခိုတင်သွင်းလျှက် ရှိကြောင်း ဒေသခံများနှင့် ယာဉ်မောင်းများထံမှ သိရသည်။
 
`များသောအားဖြင့် ဆပ်ပြာနဲ့အချိုမှုန့်တွေများတယ်၊ ခုနောက်ပိုင်းဆို ဟန်းဆက်တွေရယ်၊ ဆိုင်ကယ် အပိုပစ္စည်းတွေရယ် ၊ စောင်တွေ အ၀တ်တွေပေါ့၊ ကျယ်ဂေါင်-မူဆယ် ကနေ ၁၀၅ မိုင်စစ်ဆေးရေး ဂိတ်အလွန်ထိ ပစ္စည်းထည့်ထားတဲ့ ဂျပ်ဖာတွေကို ဂိတ်ကွင်းလမ်းအတိုင်း ဆိုင်ကယ်နဲ့တင်လာတယ်၊ ဂိတ်ကို လွန်တာနဲ့ လိုက်ထရပ်နဲ့ပြောင်းပြီးပြန်တင်ကြတာ´ ဟု မူဆယ်မြို့မှ ကယ်ရီသမားတစ်ဦး က ပြောသည်။
 
တရုတ်နိုင်ငံမှဝင်ရောက်လာသည့် အဆိုပါကုန်များအား ဆိုင်ကယ်ကယ်ရီများနှင့်တင်ဆောင်၍ ၁၀၅ မိုင် စစ်ဆေးရေးဂိတ်ကျော်လွန်မှ လိုက်ထရပ်ကားများဖြင့် ပြောင်းလဲတင်ဆောင်ကာ ညအချိန်များ၌ တင်သွင်း လျှက်ရှိသည်ဟု လားရှိုး-မူဆယ်အဝေးပြေးလမ်းနံဘေးရှိ   ဒေသခံများနှင့် အဝေးပြေးယာဉ်မောင်းများက ဆိုသည်။
 
`ည(၁၁)နာရီလောက်ကနေ မနက်(၃/၄)နာရီလောက်ထိ လမ်းကြောပေါ်မှာ အဲ့ဒီလိုကားတွေကို တွေ့နိုင် တယ်၊ ၁၀၅ မိုင်ဂိတ်က လွတ်ရင် မန္တလေးမရောက်မခြင်း လမ်းကြောပေါ်မှာရှိတဲ့စစ်ဆေးရေးဂိတ်တွေ ကို ငွေပေးပြီး ဖြတ်လို့ရတယ်၊ မန္တလေးအ၀င်က ၂၁ မိုင် ဂိတ်ကိုတော့ ဘယ်လိုဖြတ်လည်း မသိဘူး´ ဟု  မန္တလေး-မူဆယ် ကုန်တင်ကားဒရိုင်ဘာတစ်ဦးက ပြောသည်။
 
အဆိုပါ မှောင်ခိုကုန်ပစ္စည်းများတင်ဆောင်လာသည့် လိုက်ထရပ်များမှာ ၁၀၅ မိုင် စစ်ဆေးရေးဂိတ်မှတစ်ပါး ရှမ်းပြည်မြောက်ပိုင်း လမ်းကြောပေါ်ရှိ လမ်းတံတား စစ်ဆေးရေးနှင့် လုံခြုံရေးဂိတ်များတွင် အခွန်ပေးဆောင်  ဖြတ်သန်းနေကြောင်း သိရသည်။
 
`မသင်္ကာတာရှိရင်တော့ ကားတွေကို စစ်ဆေးရတာမျိုးရှိပါတယ်၊ တားမြစ်ကုန်စည်ဆိုတာကလည်း စာရင်းဇယားနဲ့ အတိအကျပြော ရမယ်ဆို အများကြီးပါပဲ၊ လတ်တလောအတွင်းမှာ ဖမ်းဆီးရမိတာမျိုးတော့ မရှိသေးပါဘူး´ဟု မန္တလေး-မူဆယ် အဝေးပြေးလမ်းမကြီး နံဘေး လားရှိုးမြို့နယ်အတွင်းရှိ`နောင်မွန်´ရဲကင်းမှ တာဝန်ကျအရာရှိတစ်ဦးက ပြောသည်။
 
မှောင်ခိုကုန်တင်ဆောင်သောလိုက်ထရပ်များနှင့်ပက်သက်၍ မန္တလေး-မူဆယ် အဝေးပြေးလမ်းမကြီးနံဘေးရှိ စစ်ဆေးရေးဌာနများသို့ ဆက်သွယ်စုံစမ်းသော်လည်း မရရှိခဲ့ပေ။
 
` အဲ့ဒီကားတွေဖြတ်သွားလို့ရအောင် စစ်ဆေးရေးတွေကို အခွန်ဆောင်ရတယ်လေ၊ မှောင်ခိုကုန်တင်တဲ့ ကားတွေ မရှိတော့ရင် လမ်းကြောတစ်လျှောက်က စစ်ဆေးရေး တွေ ၀င်ငွေလျှော့သွားမှာပေါ့´ ဟု မူဆယ်-ကျောက်မဲ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက လက်ရှိဖြစ်ပျက်နေသည်များအား ရှင်းပြသည်။
 

SHARE THIS
Previous Post
Next Post