ဖားကန့်လုပ်ငန်းခွင်များ ရပ်ဆိုင်း၍ စက်ဆီချောဆီဈေးကွက် ၇၀ ရာခိုင်နှုန်း ရောင်းအားကျ


မိုးမြင့်ကျော်(မြစ်မခ)
by Myit Makha Mediagroup on 24 Jan, 2013



ကချင်ပြည်နယ်တွင် ဖားကန့်ဒေသ၌ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ရန်ကုန်ဘုရင့်နောင်ဈေးရှိ အင်ဂျင်ဝိုင်၊ ဟိုက်ဒရောလစ်ဆီအစရှိသည့် စက်ဆီ၊ချောဆီဈေးကွက်မှာ ရောင်းအားကျဆင်းလျှက်ရှိကြောင်း သိရသည်။
 
ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်သည့်လုပ်ငန်းအပါအ၀င် အခြားလုပ်ငန်းများပါ ရပ်ဆိုင်းလိုက်ရသောကြောင့် ယခုနှစ် ဇန်န၀ါရီလအတွင်း  စက်ဆီ၊ ချောဆီ ရောင်းအားမှာ ပြီးခဲ့သည့်နှစ် ဇန်န၀ါရီလနှင့်ယှဉ်ပါက ၇၀% ကျဆင်းသွားခြင်းဖြစ်သည်။
 
 “ဖားကန့်လုပ်ငန်းခွင်တွေ လုံးဝအလုပ်မလုပ်ရတဲ့အခါကျတော့ အင်ဂျင်ဝိုင်လိုင်းတွေက အရောင်းအ၀ယ်အကုန်ရပ်သွားသလိုတောင်   ဖြစ်သွားတယ်။ အစိုးရလုပ်ငန်းခွင်တွေကလည်း နားတယ်။ ဆီပီပါလိုင်းတွေ တော်တော်များများ လျော့သွားတယ်။ ဟု ဘုရင်နောင်ဈေးရှိ နန်ထိုက်ဦး စက်ဆီ၊ ချောဆီအရောင်းဆိုင်မှ မကေသီက ပြောသည်။
 
လက်ရှိဘုရင့်နောင်စက်ဆီ၊ ချောဆီဈေးကွက်အတွင်း Brand အမျိုးအစားပေါင်း ၁၀၀ ကျော်ရှိသည့်အနက် Caldex, Total, PTT, Grate အစရှိသော နာမည်ကြီး Brand များမှာ အနည်းငယ်အရောင်းသွက်လျှက်ရှိပြီး ဂါလံ(၅၀)ဆန့် ဆီပီပါတစ်လုံးလျှင် ကျပ် ၃သိန်း ၀န်းကျင်မှ ၅သိန်း ၀န်းကျင် အထိရှိသည်။
 
ဘုရင့်နောင်ဈေးကွက်အတွင်း၌ နိုင်ငံခြားမှတင်သွင်းလျှက်ရှိသော မော်ဒန်မြင့်ကားများတွင် အသုံးပြုနေသည့် ၄ လီတာ ၅ လီတာ Fully Synthetic ဆီပုံးငယ်များနှင့်ဈေးနှုန်းသက်သာသော အောက်ဆီများသာ အနည်းငယ်ရောင်းအားရှိနေကြောင်း သိရသည်။
 
အရင်ကတစ်လ ပီပါ ၁၅၀၀ လောက် နယ်ပို့ရတယ်၊ အခု ဖားကန့်ဆိုက်တွေ ပိတ်ထားတော့ ၅၀၀ လောက်ပဲ ရောင်းအားရှိတော့တယ်ဟု ဘုရင့်နောင် ဈေးကွက်အတွင်းရှိ အင်ဂျင်ဝိုင်ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
 
နယ်သို့ ဖြန့်ဖြူးခြင်းမရှိသည့် အင်ဂျင်ဝိုင်အရောင်းဆိုင်အချို့မှာလည်း  Fully Synthetic ဆီပုံးငယ်များ ရောင်းချနေကြောင်းနှင့် ၄င်းအမှတ်တံဆိပ်များမှာ Trane ၊ Caldex ၊ PTT၊ Toyota အမှတ်တံဆိပ်များဖြစ်ပြီး Trane မှာ နယ်ဈေးကွက်အကြိုက်ဖြစ်သော်လည်း Toyota အမှတ်တံဆိပ်မှာ ရန်ကုန်ရှိ ဂျပန်ကားများတွင် အရောင်းသွက် နေကြောင်း သိရသည်။
 
ဈေးနှုန်းအနေဖြင့်  ၄ လီတာ ၅ လီတာ Fully Synthetic ဆီပုံးငယ်များမှာ ကျပ် ၂သောင်းမှ ၃သောင်း ၀န်းကျင်ရှိပြီး ဘုရင့်နောင်ဈေးကွက် အတွင်း၌ စက်ဆီချောဆီအရောင်းဆိုင်အချို့မှာ လုပ်ငန်းရပ်ဆိုင်းသည်အထိဖြစ်နေကြောင်းကိုလည်း ဈေးကွက်အတွင်းက သိရသည်။
 

SHARE THIS
Previous Post
Next Post