အဆင့်မြင့်ဈေးအဖြစ် အသွင်ပြောင်းမည့် ရေကျော်ဈေး


မင်းဟိန်းထက်(မြစ်မခ)
by Myit Makha Mediagroup on 24 Jan, 2013
ရန်ကုန်မြို့ ပုစွန်တောင်မြို့ နယ်ရှိ ရေကျော်ဈေးကို  အဆင့်မြင့်ဈေးကြီးအဖြစ် မကြာမီကာလအတွင်း တည်ဆောက်သွားမည်ဟု    ဈေးတာဝန်ခံ ကိုမြတ်မိုးက ဆိုသည်။
စတင်တည်ဆောက်မည့်အချိန်ကို အတိအကျမသိသေးသော်လည်း ယာယီဈေးနေရာအတွက် ပုစွန်တောင်မြို့ နယ်ရှိ ဇေယျာမြိုင်ပန်းခြံနှင့် လိပ်ကန် နေရာနှစ်ခုကို လျာထားပြီး ဈေးသူဈေးသားများထံမှ ဆန္ဒမဲကောက်ခံနေဆဲဖြစ်ကြောင်း  ၎င်းကပြောသည်။
ရေကျော်ဈေးကြီးတွင် ဈေးဆိုင်ခန်းပေါင်း (၂၇၂) ခန်းရှိပြီး သက်တမ်းမှာ (၈၉)နှစ် ရှိပြီဖြစ်သည်။
မဖျက်လို့လည်း မရဘူး။ ဈေးအိုဈေးဟောင်းကြီး ခေတ်နဲ့လည်း မညီတော့ဘူး။ဈေးကလဲ စုတ်ပြတ်သတ်နေပြီ။ ဒါပေမယ့် အခုရွေးထားတဲ့နေရာကပုဇွန်တောင်ဈေးနဲ့ အရမ်းနီးနေလို့ ဈေးသည်တွေ ဘယ်လိုမှရောင်းလို့ကောင်းမှာမဟုတ်ဘူးဟု ကုန်စုံဆိုင်ဖွင့်ထားသူတဦးက ပြောသည်။
ပုဇွန်တောင်ဈေးနှင့်နီးကပ်သော နေရာတွင် ဈေးရောင်းပါက အရောင်းအဝယ်မကောင်းမည်ကို စိုးရိမ်သဖြင့် ပျံကျ ဈေးသူဈေးသားများကလည်း မပြောင်းရွှေ့ချင်ကြောင်းပြောသည်။
ဈေးအပြင်တန်းမှာ ပျံကျဈေးသည် (၃) ရာလောက်ရှိတယ်။ ဒီဈေးကို မှီခိုပြီး စားနေကြတဲ့သူတွေ အများကြီးပဲ။ တခြားနေရာ ပြောင်းလိုက်ရင် ဖောက်သည်တွေ ပျောက်သွားပြီး စားဝတ်နေရေး အကုန်ခက်ခဲကုန်တော့မှာ ပန်းသည် ကိုမောင်မောင်သန်းက ဟု ပြောသည်။
ဈေးကြီးကို (၁၄) လ အတွင်း ရှစ်ထပ်ခွဲ တည်ဆောက်မည်ဖြစ်ပြီသည်။ မြေညီထပ်တွင် လက်ရှိဈေးမှ ဆိုင်ခန်းပိုင်ရှင်များကို   နေရာချထားပေးမည် ဖြစ်သည်။
 “အစ်မတို့  ကတော့ ဈေးကိုမဖျက်စေချင်ဘူး ဖျက်ရင်ဈေးသည်အားလုံးဒုက္ခရောက်ကုန်မှာ ဒီမှာရောင်းတာ ၁၅ နှစ်ကျော်ပြီ ဟု ပျံကျဈေးသည် မ၀ါဝါက ပြောသည်။
ပထမထပ်တွင် စူပါမားကတ်တစ်ခု ၊ ကွန်ပျူတာသင်တန်းများ၊ အင်တာနက်ဆိုင်များနှင့် အခြားဆိုင်ခန်းများလည်း ဖွင့်လှစ်သွားမည်ဟု ဈေးကို တာဝန်ယူ တည်ဆောက်ပေးမည့် အောင်ပြည့်စုံကုမ္မဏီ၏ မန်းနေဂျင်းဒါရိုက်တာ ဦးအောင်မင်းက မြ၀တီသတင်းတွင် ပြောကြားထားသည်။
ကားအစီး (၅၀)ဆန့်သည့် ကားရပ်နားရာနေရာကို ဒုတိယထပ် တွင်ထားရှိမည် ဖြစ် ပြီး ကျန်အထပ်များတွင် လူနေတိုက်ခန်း(၅၀)နှင့် ကျန်းမာရေး အားကစားခန်းမတစ်ခုအပြင် စက်လှေကား နှစ်စင်းပါ ပါရှိမည်ဖြစ်ဟု သိရသည်။

SHARE THIS
Previous Post
Next Post