ကိုရီးယားက နှစ်လယ်ပိုင်းတွင် မြန်မာလုပ်သား ၅၀၀၀ ကျော် ခေါ်ယူမည်


Photo

  31 January, 2013 
ကိုရီးယားနိုင်ငံက ယခုနှစ်လယ်ပိုင်းတွင် မြန်မာနိုင်ငံမှ အလုပ်သမား ၅၀၀၀ ကျော်ကို EPS စနစ်ဖြင့် ခေါ်ယူမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Choi Jung-In က ပြောသည်။ ကုန်ထုတ်လုပ်ငန်းအတွက် မြန်မာအလုပ်သမား ၄၉၀၀ ခေါ်ယူမည်ဖြစ်ပြီး ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအတွက် အနည်းငယ်စီ ခေါ်ယူမည်ဖြစ်ကြောင်း ယင်းကပြောသည်။ လုပ်သားများ ခေါ်ယူရေးအတွက် EPS စာမေးပွဲ ဖြေဆိုနိုင်ရန် လျှောက်လွှာများကို မတ်လ ၁၈ ရက်မှ ၂၁ ရက်အတွင်း၌ ရောင်းချပေးမည်ဖြစ်ပြီး မေ ၁၈ နှင့် ၁၉ ရက်များတွင် စာမေးပွဲ စစ်ဆေးမည်ဖြစ်သည်။ စာမေးပွဲနှင့်သက်ဆိုင်သော အချက်အလက်များကို မတ်လ ၁၁ ရက်တွင် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြေညာ ပေးသွားမည်ဟု ဆိုသည်။


၎င်းစာမေးပွဲကို ဝင်ရောက်ဖြေဆို၍ ကိုရီးယားနိုင်ငံသို့ သွားရောက်လိုသူများမှာ အနည်းဆုံး ပတ်စပို့သက်တမ်း တစ်နှစ်ရှိနေသူ ဖြစ်ရမည်ဖြစ်သည်။ ထို့ပြင် ယခုတစ်ကြိမ် ဘာသာစကား ကျွမ်းကျင်မှုအတွက် စစ်ဆေးရာတွင် ယခင်နှစ်များက မေးခွန်းပုံစံများအတိုင်း မဟုတ်ဘဲ မေးခွန်းပြောင်းလဲမှုများ ရှိမည်ဖြစ်ရာ ဘာသာစကား ကျွမ်းကျင်မှု ပိုမိုရှိအောင် လေ့လာထားရန်လိုကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနအစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမြင့်ကပြောသည်။ “စာမေးပွဲမေးခွန်းတွေ ပြောင်းမယ်ဆိုတာက အရင်ကလို မေးခွန်း ၂၀၀၀ ပေးထားတာကို ရရင် ဖြေနိုင်တာမျိုး မဟုတ်ဘဲ မေးခွန်းလွှဲမေးတာတွေလည်း ရှိမယ်ဆိုတော့ အတိုကောက် ဒါမြင်ရင် ဒါဖြေဆိုတာ မဟုတ်တော့ဘူး။ မေးခွန်းလွဲတာတွေ ရှိမယ်ဆိုတော့ တကယ်နားလည်ထားဖို့ လိုအပ်တယ်။ ဟိုနိုင်ငံရောက်တော့ တကယ်လက်တွေ့မှ မပြောနိုင်တာတွေ ရှိတဲ့အတွက် မေးခွန်းပုံစံ ပြောင်းရခြင်းဖြစ်တယ်” ဟု ဦးဝင်းမြင့်က ပြောသည်။


ကိုရီးယားနိုင်ငံသို့ အလုပ်သမား ခေါ်ယူစေလွှတ်မှုကို ရွှေအင်းဝအနေဖြင့် မဟုတ်တော့ဘဲ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီက ၂၀၁၁ နှစ်ဆန်းပိုင်းမှ ဝန်ဆောင်မှုပေးနေပြီး ယခုအချိန်ထိ အလုပ်သမား ၅၅၄၇ ဦး စေလွှတ်ခဲ့ပြီးဖြစ်သည်။ ယခုအကြိမ် စာမေးပွဲဖြေဆိုရာတွင် စာရွက်ဖြင့် ဖြေဆိုခြင်း မဟုတ်တော့ဘဲ ကွန်ပျူတာဖြင့် စစ်ဆေးသည့်စနစ်ကို စတင်ပြောင်းလဲတော့မည် ဖြစ်သည်။ သို့သော် စာမေးပွဲဖြေဆိုသူ များလွန်းပါက နောက်စစ်ဆေးမှုများတွင် တစ်ကြိမ် ၃၀ အထက် စာရွက်ဖြင့်ပင် ဖြေဆိုရမည်ဖြစ်သည်။ ကိုရီးယားနိုင်ငံက ယခုနှစ်တွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ အလုပ်သမား ၆၅၀၀၀ ခေါ်ယူမည်ဖြစ်ပြီး ထိုအထဲမှ ၁၀၀၀၀ မှာ ယင်းနိုင်ငံတွင် ခြောက်နှစ် နေထိုင်လုပ်ကိုင် ထားသူများထဲမှ ပြန်လည်ခေါ်ယူမည် ဖြစ်သည်။


အဆိုပါ ၁၅ နိုင်ငံအတွင်း၌ မြန်မာနိုင်ငံ အနေဖြင့် ကိုရီးယားနိုင်ငံတွင် အလုပ်သမား သွားရောက်လုပ်ကိုင်မှုမှာ အလည်အပတ်တွင် ရှိနေသေးကြောင်း Mr. Choi Jung-In ကပြောသည်။ ကိုရီးယားအလုပ်သမား စေလွှတ်မှုအတွက် ဝန်ဆောင်ခကို ၂၀၁၁ ခုနှစ်တွင် ကျပ်ရှစ်သိန်း သတ်မှတ်ထားရာမှ  ၂၀၁၂ ခုနှစ် ဧပြီတွင် ခုနစ်သိန်းသို့ လျှော့ချခဲ့သည်။ ထို့အတူ ပြီးခဲ့သည့် နိုဝင်ဘာမှစ၍ ဝန်ဆောင်ခကို ကျပ်ခြောက်သိန်းခွဲသို့ လျှော့ချခဲ့၍ လက်ရှိတွင် ထိုနှုန်းအတိုင်းသာ ပေးဆောင်ရမည်ဖြစ်သည်။ ခြောက်သိန်းခွဲထဲတွင် လေယာဉ်လက်မှတ်ခ၊ ဗီဇာကြေး၊ ဆေးစစ်ခ၊ သင်တန်းနှင့် စာရွက်စာတမ်းကြေးများ ပါဝင်ပြီးဖြစ်ကြောင်း သိရသည်။


သိမ့်သိမ့်စိုး၊ အေးမြတ်သူ By 7Day News

SHARE THIS
Previous Post
Next Post