ဆက်သွယ်ရေးရုံးများ၌သာ ရောင်းချမည့် တစ်သိန်းနှင့် တစ်သိန်းနှစ်သောင်းတန် ဖုန်းကဒ်များ


ဉာဏ်ဉာဏ် (မြစ်မခ)
by Myit Makha Mediagroup on 4 Jan, 2013

ဇန်န၀ါရီလ ဒုတိယအပတ်အတွင်း ထွက်ရှိမည့် တန်ဖိုးနည်း မိုဘိုင်းဖုန်းကဒ်များအား မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းရုံး များ၌သာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
GSM ဖုန်းကဒ်အတွက် ကျပ်တစ်သိန်းနှင့် WCDMA ဖုန်းကဒ်အတွက် ကျပ်တစ်သိန်းနှစ်သောင်းနှုန်း သတ်မှတ်ရောင်းချ မည်ဖြစ်ကြောင်းနှင့် အလုံးရေ ကန့်သတ်ချက်မရှိပဲ တစ်နိုင်ငံလုံးသို့ တပြိုင်နက် ရောင်းချသွားမည်ဖြစ်သည်။
 
 ထိုကဲ့သို့ ရောင်းချပေးရာ၌ ရန်ကုန်မြို့အတွင်း ဗဟိုစာတိုက်ကြီး၊ ပုဇွန်တောင်စာတိုက်၊ ဗိုလ်တထောင် စာတိုက်၊ အလုံစာတိုက်နှင့် ဆက်သွယ်ရေးရုံး၊ လမ်း ၄၀၊ ပန်းဆိုးတန်းနှင့် ရွှေဂုံတိုင်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးများ၊ စာတိုက်များတွင် ရောင်းချပေး သွားမည်ဖြစ်သည်။
 
 
 “ထပ်မံချပေးသွားမယ့် မိုဘိုင်းဖုန်းတွေကို အခုလို ဆက်သွယ်ရေးရုံးတွေမှာသာ ရောင်းချ ပေးသွား ဖို့စီစဉ်ရ တာဟာ ပြင်ပမှာ   ရောင်းခဲ့ရင် ဈေးနှုန်း မငြိမ်သက်မှုတွေ ဖြစ်ပေါ်မှာ စိုးတဲ့အတွက် ဖြစ်ပါ တယ်။ ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။
 
 
 လက်ရှိတွင် တန်ဖိုးနည်းမိုဘိုင်းဆင်းကဒ်များ ရောင်းချနိုင်ရန်အတွက် ဈေးနှုန်းများကို အကြမ်းဖျဉ်း သတ်မှတ်ထားပြီး   ဖြစ်ကြောင်းကိုလည်း ရတနာပုံ Call Centre မှ သိရသည်။

မိုဘိုင်းဖုန်းကဒ်များ ဈေးနှုန်းလျှော့ချ ရောင်းချရာတွင် အလွယ်တကူ ဝယ်ယူနိုင်ရန် ရန်ကုန်၊ မန္တလေးအစရှိသည့် မြို့ကြီးများတွင် အရောင်းစင်တာများ ဖွင့်လှစ်ရောင်း ချပေးသွားမည် ဖြစ်ပြီး ရန်ကုန်မြို့တွင် နေရာ ၁၈ နေရာ ဖွင့်လှစ်ရောင်း ချပေးမည် ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

"ဖုန်းဈေးကတော့ ဒီထက်ကျဖို့လိုတယ် ဆိုတာကတော့ ပြောဖို့တောင် မလိုဘူး။ ဝေးဝေးမကြည့်နဲ့ အိမ်နီးနားချင်း ထိုင်းနိုင်ငံမှာဆိုရင် Sim Card က အလကားပေးတာ ဒီမှာလည်း နောင်တစ်ချိန်မှာ ဒီလို အလကားပေးတာမျိုးတွေ ရှိလာသင့်တယ်။ ကုန်ကျငွေကို ဖုန်းပြောခက ပြန်ယူကြပေါ့" ဟု မိုဘိုင်းဖုန်းသုံးစွဲသူ တစ်ဦးက အကြံပြုပြောဆိုသည်။

SHARE THIS
Previous Post
Next Post