နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုင်ငံရေးပါတီ ဥက္ကဋ္ဌများအား (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ ညစာစားပွဲ ဖိတ်ကြား

Wednesday, 02 January 2013 16:37 (၆၅) ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဧည့်ခံပွဲတက်ရောက်ရန်အတွက် နိုင်ငံရေးပါတီ ဥက္ကဋ္ဌများအား နိုင်ငံတော်သမ္မတကြီးက ဖိတ်ကြားထားကြောင်း နိုင်ငံရေးပါတီများမှ သတင်းရရှိပါသည်။ အဆိုပါ ညစာစားပွဲကို ဇန်န၀ါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်ဝန်းအတွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထို့အတူ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများကိုလည်း ဖိတ်ကြားထားကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုပါသည်။ ထိုသို့ဖိတ်ကြားမှုသည် သမ္မတဦးသိန်းစိန် အရပ်သားအစိုးရတက်လာပြီး ပထမဆုံးအကြိမ် ဖိတ်ကြားခြင်းလည်း ဖြစ်သည်။ ထိုသို့ဖိတ်ကြားထားရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့၌ အလုပ်ကိစ္စများနှင့် မအားလပ်သောကြောင့် သွားရောက်နိုင်မည်မဟုတ်ကြောင်းနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်မှာလည်း ကျန်းမာရေးအခြေအနေကြောင့် တက်ရောက်နိုင်မည်မဟုတ်ကြောင်း အဆိုပါ ပါတီများမှ စုံစမ်းသိရှိရပါသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၄ ရက်တွင် ကျရောက်သော (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။ ထို့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့်လည်း ရန်ကုန်မြို့ အဖွဲ့ချုပ်ရုံးချုပ်တွင် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပမည်ဖြစ်ကြောင်းနှင့် သီးလေးသီးအငြိမ့်အဖွဲ့ဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

SHARE THIS
Previous Post
Next Post